ဘာမှကြိုစီစဥ်ထားတာမရှိဘဲနဲ့ ရုတ်တရက် ဒိတ်သွားရဖို့ ပေါ်လာတာမျိုး ဒါမှမဟုတ် ပါတီပွဲတက်ဖို့ဖြစ်လာတာမျိုးတွေဆိုရင် ကိုယ့်အသားအရေက အဆင်ပြေနေမှ ဖြစ်မှာပါနော်။ မဟုတ်ရင် မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း အောက်ခံအသားအရေ မကောင်းဘူးဆိုရင် ကိုယ်လိုချင်တဲ့ အသွင်အပြင်ကို အလုံးစံရနိုင်ဖို့က ခဲယဥ်းလှပါတယ်။

ဒါကြောင့် အခုလိုမျိုး ရုတ်ချည်းသွားဖို့ အကြောင်းဖန်လာပြီဆိုရင် အသားအရေကို မြန်မြန်ဆန်ဆန် ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

အသားအရေဝင်းလက်စေမယ့် Mask

ဒီနည်းလမ်းလေးကိုလုပ်ဖို့အတွက် ၁၅ မိနစ်ပဲလိုပြီးတော့ မျက်နှာသေချာသစ်ထားရပါမယ်။ နွားနို့ လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းနဲ့ Gelatin စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ပေါင်းစပ်ပြီး ခဏလောက်ထားပေးပါ။ ပြီးရင် စက္က့န် ၃၀ လောက် မိုက်ခရိုဝေ့ဖ်မှာ အပူပေးပြီး အနှစ်ပျစ်သွားအောင်လုပ်ပါ။

မျက်နှာပေါ်တင်ဖို့ နွေးနွေးလေးဖြစ်ပြီဆိုရင် မျက်နှာပေါ် အသာအယာတင်လိမ်းပေးပြီး ခြောက်တဲ့အထိထားပါ။ ခြောက်သွားပြီဆိုရင်တော့ သာသာလေး ဆွဲခွာပေးလိုက်ပါ။

၁၀ မိနစ်နဲ့ ဆားဝက်ခြံတွေ ဖယ်ရှားဖို့

ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ ပျားရည်နဲ့ သစ်ကြံပိုးခေါက်တို့ကို အနှစ်ဖြစ်သွားတဲ့အထိ ရောမွှေပေးပါ။ ပြီးရင် ဆားဝက်ခြံဖြစ်နေတဲ့ နေရာတွေပေါ်ကို လိုက်လိမ်းပေးပြီး အပေါ်ကနေ ချည်အဝတ်သန့်ပါးပါးလေး အုပ်ပေးထားလိုက်ပါ။ ၅ မိနစ်ပြည့်ပြီဆိုရင် ခွာလိုက်ပြီးတော့ မျက်နှာသန့်စင်ပေးပါ။

ညစ်နွမ်းတဲ့အသားအရေ

အသားအရေက ညစ်နွမ်းနွမ်းဖြစ်နေတယ်ဆိုရင်တော့ ပြန်ပြီးစိုပြေလာစေဖို့ သခွားသီးနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်အနှစ်တို့ကို ရောကြိတ်ပြီးတော့ ရလာတဲ့အနှစ်ကို Mask အနေနဲ့ မျက်နှာမှာလိမ်းပေးပါ။ နာရီဝက်ကြာပြီဆိုရင်တော့ မျက်နှာသစ်လိုက်ပါ။

ဝက်ခြံ

သွားခါနီးလာခါနီးမှ ဝက်ခြံက ပေါက်နေတယ်ဆိုရင် ကြက်ဥကို အကာနဲ့အနှစ်နဲ့ခွဲလိုက်ပြီးတော့ အကာကိုပဲ မျက်နှာပေါ်လိမ်းပေးပြီး ၁၀-၁၅ မိနစ်လောက်ထားပါ။ အချိန်ပြည့်ရင် ရေနဲ့သန့်စင်လိုက်ပါ။

အမဲစက် ၊ အသားမညီညာခြင်းများ

မျက်နှာပေါ်က မလိုလားတဲ့ အမဲစက်တွေ၊ အသားမညီညာခြင်းများအတွက် နနွင်းနဲ့ ပျားရည်တို့ကို ပေါင်းစပ်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ကြာပြီးရင် ရေဆေးသန့်စင်လို့ရပါပြီ။

မျက်ကွင်းညိုခြင်းတွေ

မျက်ကွင်းညိုတာတွေအတွက် Concealer လိမ်းလိုက်ရင် ရပေမယ့်လည်း တတ်နိုင်သလောက်တော့ လျော့အောင်ကြိုးစားကြည့်ပေါ့နော်။ မျက်လုံးပေါ်မှာ လက်ဖက်အိတ်အစိုကို ကပ်ပေးလိုက်ခြင်းကလည်း မျက်ကွင်းညိုတာတွေအတွက် သက်သာစေပါတယ်။

ရင်သားအတွက် Vaseline

ကိုယ့်ရဲ့ရင်သားက အသက်အရွယ်ကြောင့်ဖြစ်စေ တခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ရင်သားတွဲကျနေလို့ ပြန်ပြီးတင်းရင်းမှုရှိစေချင်ရင် Vaseline ကို သုံးနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် Vaseline ကို ရင်သားမှာလူးပေးပြီး ညအိပ်ပေးပါက ကြာလာတဲ့အခါ တင်းရင်းမှုပြန်ရလာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။