Sensitive Skin က ထိန်းသိမ်းရတာ မလွယ်သလို သူ့ရဲ့ အလှကို ထိန်းသိမ်းနိုင်ဖို့က ပိုခက်ပါတယ်။ တကယ်လို့ သင်က Sensitive Skin ပိုင်ရှင်ဆိုရင်တော့ အသားအရေထိန်းသိမ်းတဲ့အခါ ဒီအချက်တွေကို သတိထားပါ။

ပါဝင်ပစ္စည်းစစ်ပါ

Sensitive Skin အတွက် အလှကုန်ဝယ်တဲ့အခါ အထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေကို သေချာသိဖို့လိုပါတယ်။ pH မျှတဲ့ ယားတာတွေမဖြစ်စေတဲ့ အသားအရေအမျိုးအစားနဲ့ ကိုက်ညီတဲ့ထုတ်ကုန်ကို သေချာရွေးဝယ်ပါ။

Skin Test လုပ်ပါ

ထုတ်ကုန်အသစ်သုံးတော့မယ်ဆိုရင် အသစ်ကို လုံးလုံးမစမ်းခင်မှာ ဓာတ်မတည့်မှုကိုစစ်ဆေးဖို့အတွက် Skin Test လုပ်ဖို့ တကယ် အရေးကြီးပါတယ်။ အသားအရေရဲ့ တုံ့ပြန်မှုကိုသိရဖို့ ၄၈ နာရီကြာအောင် မျက်နှာပေါ်မှာ မဟုတ်ဘဲ လိမ်းပေးပါ။

အသားအရေကို အစိုဓာတ်ထိန်းပါ

ဈေးကွက်ထဲမှာ Sensitive Skin သမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ Moisturizer တွေ ရှိပါတယ်။ သင့်အသားအရေနဲ့ကိုက်ညီတဲ့ ပစ္စည်းတွေရွေးသုံးပါ။

အစားအသောက်ကိုဂရုစိုက်ပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံတွေက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ် ။ အသားအရေကို ရေဓာတ်ထိန်းထားဖို့ ရေနဲ့ လတ်ဆတ်တဲ့ဖျော်ရည်တွေကို များများသောက်ပါ။ ဒါက ထိခိုက်လွယ်တဲ့ အသားအရေအတွက် အရေးကြီးဆုံးအချက်တစ်ချက်ပါပဲ။

နေရောင်ကိုရှောင်ပါ

အပူလွန်တာက အရေပြားဆဲလ်တွေကို ပျက်စီးစေပြီး အရေပြားနီတဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ နေရဲ့အန္တရာယ်ရှိတဲ့ခရမ်းလွန်ရောင်ခြည်ကို ရှောင်ရှာနိုင်ဖို့ နေပူထဲသွားတဲ့အခါ နေကာမျက်မှန်တပ်ပါ။ SPF
မြင့်တဲ့ Sunscreen သုံးပါ။

မျက်နှာသစ်ပါ

မျက်နှာသစ်တာက အသားအရေကို ရေဓာတ်ဖြည့်ပေးရုံသာမက ချွေးပေါက်တွေကိုပိတ်ဆို့စေနိုင်တဲ့ အညစ်အကြေးတွေကိုပါ သန့်စင်ပေးပါတယ်။

မျက်လုံးကို ဂရုစိုက်ပါ

မျက်လုံးတစ်ဝိုက်က အရေပြားဟာ မျက်နှာရဲ့ကျန်တဲ့နေရာတွေနဲ့ ယှဉ်ရင် အရမ်းထိခိုက်လွယ်ပါတယ်။ ဒါကြောင့် ညအိပ်ရာမ၀င်ခင်မှာ အရည်အသွေးကောင်းတဲ့ Eye Cream နဲ့ Cleansers တွေကို သုံးဖို့က ပိုအရေးကြီးပါတယ်။