မိန်းကလေးတွေဆိုတာ အလှအပနဲ့ပတ်သက်လာရင် အရမ်းလှချင်ပြီး ပြင်ဆင်နေကြပေမယ့် အသားအရေကိုထိန်းသိမ်းဖို့အတွက်ဆိုရင်တော့ မသိတာတွေများပြီး အမှားတွေကိုပဲ အမြဲတမ်းလိုလိုလုပ်မိနေတတ်ပါတယ်။ ဒီလိုမျိုးအမှားတွေက ပျိုမေတို့ကို ပိုပြီးတော့ရင့်ရော်စေပြီး အသက်ကြီးတဲ့ပုံပေါ်စေပါတယ်။

မိတ်ကပ်တွေကိုမဖျက်ပဲနဲ့ အိပ်တာက အသားအရေအတွက် အကြီးမားဆုံးသောပျက်စီးမှုလို့ဆိုလို့ရပါတယ်။ မိတ်ကပ်အကြွင်းကျန်တွေကြောင့်ဖြစ်လာတဲ့ ဘက်တီးရီးယားတွေက အသားအရေပေါ်မှာရှိနေတဲ့ ဆဲလ်တွေကိုဖျက်စီးပစ်ပြီး ဝက်ခြံတွေကိုလည်းဖြစ်လာစေနိုင်ပါတယ်။

အစိုဓာတ်ထိန်းခရင်မ်မလိမ်းဖြစ်တာကလည်း အသားအရေကိုအိုမင်းစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသားအရေပေါ်မှာ လိုအပ်တဲ့အစိုဓာတ်တွေရှိနေဖို့အတွက် ဒီတိုင်းထားထားလို့လည်းမရဘူးလေ။ အစိုဓာတ်ထိန်းခရင်မ်လေးကို မနက်ည ပုံမှန်လိမ်းပေးနေမှပိုပြီးတော့အဆင်ပြေစေမှာပေါ့။

နေလောင်ခံခရင်မ်ကို ပုံမှန်မလိမ်းတာကလည်း တော်တော်လေးကိုဆိုးပါတယ်။ တစ်ချို့တွေက နေလောင်ခံခရင်မ်ကို နေပူနေတဲ့အချိန်မျိုးမှာပဲ လိမ်းပေးရမယ်လို့ လွဲမှားစွာမှတ်ယူထားတာကြောင့်ပဲဖြစ်ပါတယ်။ နေလောင်ခံခရင်မ်ဆိုတာ အပြင်ထွက်တဲ့အချိန်တိုင်းမှာ လိမ်းပေးသင့်တဲ့အရာပါနော်။

ရေများများမသောက်ပေးတာက အသားအရေကိုမွဲခြောက်လာစေပြီး ရွယ်တူတွေထက်ပိုပြီးတော့ ရင့်တဲ့ပုံစံပေါ်လွင်နေစေမှာပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လုံလောက်စွာရှိနေမှ ကိုယ်တွင်းမှာရှိတဲ့အဆိပ်အတောက်တွေကို ပြေလျော့စေပြီး အသားအရေကိုစိုပြေစေပြီး နုပျိုနေစေမှာပဲဖြစ်ပါတယ်။

ညဘက်တွေဆိုရင်နောက်ကျမှ အိပ်တတ်တဲ့အကျင့်ကြောင့်လည်း သင့်အလှအပကိုပျက်စီးစေတယ်ဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။ အိပ်ယာဝင်တာနောက်ကျတဲ့ရက်တွေများလာလေ အသားအရေမှာ အရေးအကြောင်းတွေကို ပိုဖြစ်လာစေပြီး နုပျိုစေတဲ့ ကော်လဂျင်တွေကိုလျော့နည်းလာစေတာကြောင့် အသားအရေကိုညစ်နွမ်းလာစေပါတယ်။