လူတစ်ယောက်နဲ့တစ်ယောက်က တစ်နေ့တာကို ကုန်ဆုံးပုံတွေက မတူညီနိုင်ကြဘူးဆိုပေမယ့်လည်း အမျိုးသမီးများအတွက်တော့ အိမ်ကနေအပြင်ကိုထွက်တော့မယ်ဆိုရင် အိတ်ထဲမှာအမြဲဆောင်ထားရမယ့် ပစ္စည်းတွေကတော့ အတူတူပါပဲ။
ဒီပစ္စည်းလေးတွေဟာ အသားအရေအတွက်သာမက အပြင်ရောက်ကာမှ မတော်တဆ မိတ်ကပ်ပျက်သွားတာမျိုးဖြစ်ခဲ့တဲ့အခါ အရေးပေါ် အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက် လိုကိုလိုအပ်တဲ့အရာတွေဖြစ်ပါတယ်။
Lip balm
Source: StyleCaster
အမျိုးသမီးတွေရဲ့ ဘဝတစ်လျှောက်လုံး အိတ်ထဲမှာဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခုကတော့ Lip Balm ပါပဲ။ တချို့မိန်းကလေးတွေဆိုရင် အပျိုဖော်မဝင်ခင် အရွယ်ကတည်းကတောင် အိတ်ထဲမှာထည့်ထားတတ်ပါတယ်။ နှုတ်ခမ်းသားတွေက ခြောက်သွေ့ကွဲအက်လွယ်ပြီး အရေခွံလည်း ကွာတတ်လွန်းတာကြောင့် ကိုယ်သုံးနေကျ Lip Balm ကို အမြဲအိတ်ထဲမှာ ဆောင်ထားသင့်ပါတယ်။
Hand cream
Source: Optimize Yorkshire
သင့်အသက်အရွယ်က ဘယ်လောက်လဲဆိုတာကို လွယ်လွယ်ကူကူ ခန့်မှန်းနိုင်မယ့်နေရာကတော့ လက်နှစ်ဖက်ပဲဖြစ်ပါတယ်။ အခုလိုမျိုး လူအများနဲ့ ဆက်ဆံကြုံတွေ့ရတဲ့အချိန်မှာ ကိုယ့်လက်တွေက ခြောက်သွေ့နေတာမျိုးမဖြစ်စေဖို့အတွက် တစ်နေ့တာလုံး Hand Cream ကို လိမ်းပေးဖို့ အမြဲသတိရပါ။
Pressed powder
Source: Avon Malta
Pressed powder ဟာ ဖောင်ဒေးရှင်းလိုမဟုတ်ဘဲ လမ်းရောက်နေချိန်မှာလည်း လိမ်းခြယ်ရလွယ်ကူလှပါတယ်။ ရထားပေါ်မှာပဲဖြစ်ဖြစ်၊ တက္ကစီပေါ်မှာဖြစ်ဖြစ်၊ လမ်းလျှောက်နေရင်းနဲ့ပဲဖြစ်ဖြစ် လွယ်လင့်တကူ ဖွင့်ပြီးတော့ လိမ်းလိုက်လို့ရပါတယ်။ အရည်မဟုတ်တဲ့အတွက် အိတ်ထဲမှာထည့်ထားရင်း အရည်တွေဖိတ်ကျသွားမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။
နှုတ်ခမ်းနီ
Source: Shutterstock
ကိုယ့်ရဲ့အသွင်အပြင်ကို သူများအမြင်မှာ ကြည့်ရတာအဆင်ပြေစေဖို့အတွက် ပြင်ဆင်ရမယ့်အချိန်က ဘယ်အချိန်ပေါ်လာမလဲဆိုတာကို ဘယ်လိုမှခန့်မှန်းလို့မရပါဘူး။ ရုတ်တရက် Presentation ထပြောရမှာဖြစ်လာတာမျိုး ဒါမှမဟုတ် အရေးကြီးတဲ့ချိန်းဆိုမှုတွေ ပေါ်လာတာမျိုးက မထင်ရင်မထင်သလို ကြုံရတတ်ပါတယ်။ ကိုယ့်ဆီမှာ တခြားပစ္စည်းတွေမရှိဘူးဆိုရင်တောင်မှ နှုတ်ခမ်းနီလေးဆိုးလိုက်ရုံနဲ့ ပြောင်းလဲသွားနိုင်တာမို့ ဆောင်ထားဖို့မမေ့နဲ့နော်။
ရေမွှေးဘူးသေး
Source: Dermaviduals
ရေမွှေးအနံ့က အချိန်ကြာလာရင် ပျောက်ပျယ်သွားတတ်တာမို့ လူကြားထဲသွားလာတဲ့အခါ အဆင်မပြေတာမျိုး မဖြစ်ရလေအောင် ရေမွှေးဘူးသေးလေးတစ်ဘူးတော့ အိတ်ဆောင်ထားသင့်ပါတယ်။
အဆီစုပ်စက္ကူ
Source: Her World
အဆီပြန်တတ်တဲ့ သို့မဟုတ် ပေါင်းစပ်အသားအရေပိုင်ရှင်များအနေနဲ့ အပြင်ထွက်တာများလာရင် သူတို့ရဲ့မျက်နှာပေါ်က T-zones တစ်ဝိုက်မှာ အဆီတွေပြန်လာတတ်ပါတယ်။ ဒီလိုအဆီတွေပြန်တာက မိတ်ကပ်ကို ပျက်စီးစေရုံသာမက ရက်အနည်းငယ်လောက် ရေမချိုးထားသလိုမျိုး သူများအမြင်မှာ အထင်မှားစေနိုင်ပါတယ်။ ဒီလိုအခက်အခဲကို မကြုံရလေအောင် အိတ်ထဲမှာ အဆီစုပ်စက္ကူလေးဆောင်ထားလိုက်တော့ အချိန်မရွေးထုတ်သုံးနိုင်ကာ မိတ်ကပ်ပုံပျက်ခြင်းလည်းမဖြစ်အောင် ကာကွယ်ရာရောက်ပါလိမ့်မယ်။