မင်္ဂလာပါ ပျိုမေတို့ရေ။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလှအပစ္စည်းတွေမှာလည်း သူ့နေရာနဲ့သူ သုံးသင့်တဲ့ပမာဏဆိုတာ ရှိပါတယ်နော်။ ဒီလိုပစ္စည်းတိုင်းမှာ Chemical တွေက အနည်းနဲ့အများတော့ ပါဝင်ဆဲဖြစ်တာမို့ လိုတာထက်ပိုပြီး အလွန်အကျွံသုံးမိရင် အသားအရေကိုပြန်ပြီးထိခိုက်လာမှာပါ။ ဒီတစ်ခေါက်မှာ ပျိုမေတို့သတိထားနိုင်ဖို့ များများသုံးမိတာနဲ့ အသားအရေကို ပျက်စီးစေနိုင်တဲ့ အလှအပပစ္စည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

Primers

Primer တွေက အဆီပြန်တာထိန်းပေးပြီး မိတ်ကပ်ကိုကြာရှည်ခံစေတာမို့ အခုနောက်ပိုင်းအသုံးများလာတဲ့ ပစ္စည်းတစ်မျိုးပါ။ ဒါပေမယ့် Primer တော်တော်များများက ဆီလီကွန်ပါတာမို့ အလွန်အကျွံသုံးမိရင် ချွေးပေါက်ပိတ်ပြီး Breakout ထွက်တတ်ပါတယ်။ သင်က ဝက်ခြံထွက်လွယ်တဲ့သူဆိုရင် Primer ကို တစ်ခါတစ်လေမှ သုံးပါ။ နေ့တိုင်းနီးပါးသုံးတာမျိုးကိုရှောင်ပြီး မဖြစ်မနေ မိတ်ကပ်တစ်နေကုန်ခံဖို့လိုတဲ့အချိန်မှ သုံးသင့်ပါတယ်။

Eyelash Extensions

မျက်တောင်တုတွေကလည်း အမြဲတမ်းတပ်လို့မကောင်းပါဘူးနော်။ သူ့မှာပါတဲ့ကော်တွေက သုံးတာများရင် သဘာဝမျက်တောင်ကိုပါ ကျွတ်ထွက်စေတာမို့ မျက်တောင်ပိုပါးတတ်ပါတယ်။ Mascara သုံးတဲ့အခါမှာလည်း Waterproof လို ဖျက်ရအရမ်းခက်တာတွေကို ရံဖန်ရံခါမှသုံးပေးပါ။ သဘာဝအတိုင်း မျက်တောင်ရှည်စေမယ့် Serum လေးတွေသုံးပေးသင့်ပါတယ်။

Petroleum Jelly

အသားအရေခြောက်သွေ့မွဲခြောက်တာသက်သာဖို့ Petroleum Jelly ကို သုံးကြတာများပါတယ်။ ဒါပေမယ့် တော်တော်များများသတိမထားမိတာက Petroleum Jelly ဟာ အသားထဲစိမ့်ဝင်ဖို့ခက်တာမို့ အလွန်အကျွံလိမ်းမိရင် ချွေးပေါက်ပိတ်တတ်ပါတယ်။ ချွေးပေါက်ပိတ်တာနဲ့ အဆီနဲ့အညစ်အကြေးတွေစုပြီး ဝက်ခြံထွက်လာမှာဖြစ်လို့ နေ့တိုင်းစွဲလိမ်းတာမျိုးထက် အသားအရမ်းခြောက်မှ လိမ်းတာမျိုးလုပ်ပေးပါ။

Facial Brushes

မျက်နှာသန့်စင်တဲ့ Brush တွေက ချွေးပေါက်တွေကို အတွင်းပိုင်းထိသန့်စင်ပေးတာမို့ မျက်နှာသစ်ရင် တွဲသုံးတတ်ကြပါတယ်။ သူကလည်း အချိန်အကြာကြီး အမြဲသုံးမိရင် အသားပါးပြီး Sensitive ဖြစ်သွားတတ်တာမို့ နေ့တိုင်းသုံးတာမျိုး မလုပ်သင့်ဘူးလို့ Skincare နဲ့ပက်သက်တဲ့ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

Hair Conditioner

ဆံသားအစိုဓာတ်အတွက် Conditioner သုံးဖို့လိုအပ်ပြီး ဆံပင်အရောင်ဆိုးထားတဲ့သူတွေဆို ပိုပြီးသုံးရပါတယ်။ ဒါပေမယ့် Conditioner လိုတာထက်ပိုသုံးမိတာကလည်း ဆံသားအစိုပြန်ပြီး စေးကပ်လွယ်တတ်တာမို့ ခဏခဏခေါင်းပြန်လျှော်ရတာတွေ ဖြစ်လာမှာပါ။ ဦးရေပြားနဲ့မထိစေဘဲ ဆံပင်ထုံးတတ်တဲ့နေရာတွေကိုပဲ လိုသလောက်သုံးပြီး ရေနဲ့စင်အောင်ပြန်လျှော်ချဖို့မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar