အလှအပဆိုတာ လူတိုင်း မြတ်နိုးကြတဲ့ အရာတစ်ခုပါ။ မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် လှချင်ကြတာချည်းပါပဲ။ ဒါကြောင့် MyStyle Myanmar ရဲ့ အလှဘုရင်မလေးကိုလည်း ပိုပိုပြီးလှသွားစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ ဒီတစ်ခါမှာတော့ ပျိုမေတို့ရဲ့ အလှကို မြင်သူတကာငေးမောရလောက်တဲ့အထိ ရူးခါအောင်လှပနေစေမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်ကောင်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

အသားအရေ ထိန်းသိမ်းမယ်

နွေရာသီပဲဖြစ်ဖြစ်၊ မိုးတွင်းပဲဖြစ်ဖြစ် ဆောင်းတွင်းပဲဖြစ်ဖြစ် အသားအရေကို သေချာထိန်းသိမ်းဖို့လိုပါတယ်။ ရေချိုးချိုးပြီးချင်း ခန္ဓာကိုယ်တစ်ခုလုံးကို Lotion လိမ်းပေးမယ်ဆိုရင် အသားအရေ ကြည်လင်ပြီး စိုပြေနေစေမှာဖြစ်ပါတယ်။ အပြင်မထွက်ခင်မှာလည်း နေလောင်ဒဏ်ကာကွယ်ပေးတဲ့ ခရင်မ်တစ်မျိုးမျိုးကို မဖြစ်မနေ လိမ်းပေးသင့်တယ်နော်။

မျက်လုံးနားတဝိုက်က အသားအရေကို ဂရုစိုက်ပါ

သင့်မျက်လုံးနားတစ်ဝိုက်က အသားအရေ တင်းရင်းနေစေဖို့အတွက် မျက်လုံးနားမှာ လိမ်းထားတဲ့ Mascara တွေ ရှဲဒိုးတွေ၊ Liner တွေကို သေချာဖျက်ပေးပါ။ ပြီးရင် လုံး၀ ပြောင်စင်သွားအောင် မျက်နှာသစ်ပေးပြီး မျက်လုံးနားမှာ ခရင်မ်တမျိုးမျိုး ပါးပါးလေးပုတ်လိမ်းပေးပါ။

မျက်နှာသေချာသစ်ပါ

တစ်နေ့ကို မျက်နှာ အနည်းဆုံး ၂ ကြိမ်သစ်ပေးသင့်ပါတယ်။ မနက်မိုးလင်းရင် မျက်ကွင်းညိုတာ မျက်လုံးအိတ်ဖောင်းတာမျိုး မဖြစ်စေဖို့အတွက် မျက်လုံးကို ရေအေးအေးနဲ့ ဆေးချတာမျိုး (သို့) ရေခဲတုံးနဲ့ မျက်လုံးအောက်နားမှာ ကပ်ပေးတာမျိုး လုပ်ပေးရပါမယ်။

ခြေထောက်လေးတွေကိုလည်း ဂရုစိုက်ပါ

မျက်နှာကိုပဲ ဂရုစိုက်နေလို့ မရပါဘူးနော်။ ခြေဖဝါးလေးတွေ နူးအိနေစေဖို့အတွက်နဲ့ ခြေဖနောင့်ကွဲတာ သက်သာစေဖို့အတွက် ညအိပ်ယာမဝင်ခင်မှာ အဆီတမျိုးမျိုးလိမ်းပေးသင့်ပါတယ်။ အခုလို မလိမ်းခင် ခြေထောက်ကို ရေသေချာဆေးပြီး ချေးတွန်းပေးထားဖို့ လိုတယ်နော်။ ပြီးမှာ အဆီတမျိုးမျိုး လိမ်းပြီး အိပ်ပါ။

နှုတ်ခမ်းသားစိုစိုအိအိလေး ဖြစ်စေဖို့

နှုတ်ခမ်းဆိုတာ အမျိုးသမီးတိုင်းအတွက် ဆွဲဆောင်မှုအရှိဆုံးအရာတစ်ခုပါပဲ။ အပြင်ကပြန်လာရင် နှုတ်ခမ်းနီကို သေချာဖျက်ပေးပါနော်။ ပြီးရင် ပျားရည်၊ သကြားနဲ့ အုန်းဆီ ရောပြီး ၅ မိနစ်လောက် နှုတ်ခမ်းကို ပွတ်ပေးလိုက်ပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။

မျက်တောင်မွှေးလေးတွေ ထူထဲရှည်လျားစေဖို့

နောက်ဆုံးတစ်ခုအနေနဲ့တော့ မျက်တောင်မွှေးရှည်ရှည်လေးတွေကို ပိုင်ဆိုင်စေမယ့် နည်းလမ်းပါပဲ။ မျက်တောင်မွှေးဆိုတာလည်း အလှတရားတစ်ခုပဲလေ။ ဗီတာမင် E အဆီ၊ ကြက်ဆူဆီနဲ့ အုန်းဆီကို ဆတူရောပြီး ဘူးအလွတ်တစ်ခုထဲ ထည့်ထားပါ။ မျက်တောင်ကော့တံ ဘူးအလွတ်ထဲထည့်ပေးရင်တော့ ပိုအဆင်ပြေပါတယ်။ ပြီးရင် အဲဒီမျက်တောင်ကော့တံနဲ့ မျက်တောင်မွှေးတွေကို ကော့ပေးရမှာပါ။ မျက်လုံးထဲ မဝင်အောင် ဂရုစိုက်လုပ်ပေးရမယ်နော်။ အိပ်ယာမဝင်ခင် တပတ်ကို တစ်ကြိမ်လုပ်ပေးရုံနဲ့ လုံလောက်ပါတယ်နော်။