အလှအပဆိုပြီးတော့ ဒီစကားလေး လေးလုံးက ပါးစပ်ကနေထုတ်ပြောဖို့က လွယ်ကူလွန်းသလောက် လက်တွေ့လိုက်လုပ်ဖို့ဆိုတာ အင်မတန် ခက်ခဲလှပါတယ်။ ကိုယ်ကသေချာအားစိုက်ထုတ်ပြီး ထိန်းသိမ်းစောင့်ရှောက်မှသာလျှင် ကိုယ်လိုချင်တဲ့ အလှအပတရားကို ဆုပ်ကိုင်ထားနိုင်မှာပါ။

မိန်းကလေးတွေတစ်ယောက်နဲ့တစ်ယောက် အလှအပအတွက် အသုံးပြုတဲ့ပစ္စည်းတွေ၊ နည်းလမ်းတွေမတူညီနိုင်ကြတာမို့ ကိုယ့်အတွက်အသုံးဝင်မယ့် နည်းလမ်းလေးရှိတယ်ဆိုရင် လိုက်လုပ်ကြည့်နိုင်အောင်လို့ နိုင်ငံတကာမှပျိုမေတို့ပြောပြတဲ့ အလှအပဆိုင်ရာလျှို့ဝှက်ချက်လေးတွေကို ဝေမျှပေးမယ်နော်။

ဩစတြေးလျ

ခေါင်းပေါ်ကဗောက်တွေကို ဖယ်ရှားဖို့နဲ့ ယားယံနေတဲ့ဦးရေပြားကို သက်သာစေဖို့အတွက် ဩစတြေးလျက အမျိုးသမီးတွေက ခေါင်းလျှော်ရည်ကို အသုံးပြုတဲ့အခါ tea tree oil အစက်နည်းနည်းထည့်ပြီးတော့ ခေါင်းလျှော်လေ့ရှိကြပါတယ်။ အကယ်လို့ကိုယ်ကသပ်သပ်စီမသုံးချင်ဘူးဆိုရင်တော့ အဆီတစ်ခါတည်းပါပြီးသား ခေါင်းလျှော်ရည်တို့ကို ဝယ်သုံးနိုင်ပါတယ်။

ဘရာဇီး

ခန္ဓာကိုယ်က ပျော့တွဲနေတဲ့အသားတွေကို လျော့ကျစေဖို့အတွက် နောက်တစ်ခေါက် ကမ်းခြေသွားတဲ့အခါကျရင် ဒီနည်းလမ်းလေးကို လိုက်လုပ်ကြည့် နိုင်ပါတယ်။ ဒါကတော့ သဲစိုနည်းနည်းကိုယူပြီးတော့ ကိုယ်ဖယ်ရှားချင်တဲ့အသားအရေပေါ်မှာ သာသာလေးပွတ်ပေးပါ။ ဒီလိုမျိုးနှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေကာ အသားအရေကိုလည်း ချောမွတ်စေမှာဖြစ်ပါတယ်။

အီဂျစ်

နို့နဲ့ရေချိုးတာက အီဂျစ်နိုင်ငံက ကလီယိုပတ်ထရာက ပထမဦးဆုံးစခဲ့တာဆိုပြီးတော့လည်း လူတွေကပြောကြပါတယ်။ နွေးနွေးလေးရှိတဲ့ နို့ 1-2 လီတာကို ပျားရည် ဂရမ် ၁၀၀ နဲ့အတူ ပုံမှန်ချိုးရေထဲထည့်ပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်စိမ်ပြီးချိုးပေးခြင်းက အသားအရေကို ပိုပြီးနူးညံ့ကာ တင်းတင်းလေးလည်းဖြစ်စေပါတယ်။ အကယ်လို့ကိုယ်က နို့အစစ်တွေကို ထည့်ပြီးမသုံးချင်ဘူးဆိုရင်တော့ Lactic Acid တို့နဲ့ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကိုအသုံးပြုပါ။

ကိုလံဘီယာ

လက်တင်အမေရိက နိုင်ငံတွေမှာ အလှအပရေးရာအတွက် အများဆုံးထည့်သုံးလေ့ရှိတဲ့ ထောပတ်သီးက မျက်နှာ၊ ဆံကေသာ၊ ခန္ဓာကိုယ် အလှအပ အတွက် ဘက်ပေါင်းစုံအသုံးဝင်ပါတယ်။ ဆံသားကိုတောက်ပြောင်နူးညံ့စေဖို့အတွက် ထောပတ်သီးတစ်လုံး၊ ငှက်ပျောသီးတစ်လုံးတို့ကို ကြိတ်ခြေပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့အတူရောကာ ဆံသားမှာသုတ်လိမ်းပြီး နာရီဝက်ပေါင်းတင်ထားပါ။ အချိန်ပြည့်ပါက ခေါင်းလျှော်ရည်နဲ့ သေချာဆေးကြောလိုက်ပါ။

တရုတ်

မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာစေဖို့အတွက် ဆန်ဆေးရည်နဲ့ မျက်နှာသစ်ကြည့်ပါ။ ဆန်ကို မိနစ် ၂၀ လောက်ရေစိမ်ထားပြီး စစ်လိုက်ပါ။ ဆန်ဆေးရည်နဲ့ မှန်မှန်မျက်နှာသစ်ပေးမယ်ဆိုပါက မကြာခင်မှာပဲ ရလဒ်ကောင်းတွေကို မြင်လာရပါလိမ့်မယ်။

Costa Rica

ချွေးပေါက်တွေပိတ်ဖို့နဲ့ မျက်နှာအသားအရေလန်းလာဖို့အတွက် လိမ္မော်ရည်ကိုအသုံးပြုနိုင်ပါတယ်။ လိမ္မော်ရည်နဲ့ ရေကို အချိုးအစား ၁:၁ ရောစပ်ကာ Cotton pad ကိုအသုံးပြုပြီး မျက်နှာမှာသုတ်လိမ်း၍ ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင်မျက်နှာသစ်ပေးလိုက်ပါ။