အလှတရားဟာ မျိုးရိုးဗီဇနဲ့သာဆိုင်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အသွင်အပြင် ဘယ်လိုပုံစံရှိသလဲဆိုတာက ကိုယ်တွေရဲ့အလေ့အကျင့်တွေပေါ်လည်း မူတည်နေပါတယ်။ အခုဒီဆောင်းပါးလေးကိုဖတ်နေတဲ့ စာဖတ်ပရိတ်သတ်တွေထဲမှာ မနက်မိုးလင်းတာနဲ့ ရေတစ်ခွက်သောက်လေ့ရှိသူတွေပါနိုင်သလို Skincare အဆင့်ဆင့်ကိုလည်း ဘယ်တော့မှမပျက်ကွက်တတ်တဲ့သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ဒီလိုမျိုး အလှအပအတွက် အထောက်အကူဖြစ်စေတဲ့ အလေ့အကျင့်ကောင်းလေးတွေက နောင်အနာဂါတ်က သင့်ရဲ့ရုပ်ရည်အပေါ် အများကြီးသက်ရောက်စေပါလိမ့်မယ်။

ဒါဆိုရင်တော့ နောင်ဆယ်နှစ်ကြာသွားလည်း ဘယ်တော့မှနောင်တမရမိစေမယ့် အလေ့အကျင့်ကောင်းလေးတွေက ဘာတွေလဲဆိုတာကို သေချာမှတ်ထားပြီးတော့ အခုကတည်းက လိုက်လုပ်ကြည့်လိုက်ရအောင်ပါ။

၁။ ခြေထောက်နှစ်ချောင်းကို မိုးပေါ်ထောင်ပါ

ဖုန်းပြောနေတုန်းဖြစ်ဖြစ် မျက်နှာမှာ Mask ကပ်ထားတုန်းဖြစ်ဖြစ် ခြေထောက်နှစ်ချောင်းကိုမြှောက်ပြီး နံရံမှာထောင်ထားလိုက်ပါ။ ဒီလိုရိုးရှင်းတဲ့ အလေ့အကျင့်လေးက အနာဂတ်မှာ သွေးကြောထုံးခြင်းကိုရှောင်ကြဥ်နိုင်အောင်လို့ ကူညီပေးမှာဖြစ်ပါတယ်။ အခုလိုခြေထောက်ထောင်ပေးခြင်းဖြင့် ခြေထောက်ကသွေးကို ဘာဖိအားမှမရှိဘဲ ခန္ဓာကိုယ်တွင်းသို့ စီးဆင်းစေမှာဖြစ်ပါတယ်။

၂။ တစ်နှစ်ပတ်လုံး SPF သုံးပါ

ဘယ်လိုရာသီပဲပြောင်းပြောင်း အသားအရေကို Sunscreen လိမ်းပေးခြင်းက အင်မတန်အသုံးဝင်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ ဆောင်းရာသီမှာဆိုရင်တောင် နေရောင်ခြည်က အသားအရေကိုထိခိုက်နိုင်ပါတယ်။ သုတေသနတွေရဲ့ ဖော်ပြချက်တွေအရလည်း တစ်နှစ်ပတ်လုံး SPF Cream လိမ်းပေးသူတွေဟာ မလိမ်းသူတွေထက် အိုမင်းရင့်ရော်ခြင်း ၂၄ ရာခိုင်နှုန်း လျော့နည်းနိုင်ပါတယ်။

၃။ လည်ပင်းအသားအရေကိုလည်း ထိန်းသိမ်းပါ

လည်ပင်းတဝိုက်ကအသားအရေဟာ မျက်ခွံပေါ်ကအသားအရေနီးနီး ပါးလွှာပြီးတော့ အားနည်းလှပါတယ်။ အိုမင်းရင့်ရော်လာတဲ့ ပထမဦးဆုံး လက္ခဏာတွေကလည်း ဒီလည်ပင်းမှာပဲ စပြီးပေါ်လာတတ်တာပါ။ ဒါကြောင့် မျက်နှာအသားအရေကိုသာမက လည်ပင်းကိုလည်း အမြဲ Skincare နဲ့ထိန်းသိမ်းပေးဖို့လိုအပ်ပါတယ်။

၄။ ရေတစ်ဘူးအမြဲဆောင်ထားပါ

နေ့စဥ်နေ့တိုင်း ရေများများသောက်သုံးပေးခြင်းက ကျွန်မတို့ရဲ့ခန္ဓာကိုယ်အပေါ် ဘယ်လောက်ထိသက်ရောက်မှုတွေရှိနိုင်လဲဆိုတာ အများစုသိထားပြီးသားပါ။ သို့သော်လည်းပဲ ဒီလိုအလေ့အကျင့်ကောင်းကို စွဲနေအောင်လုပ်တတ်ဖို့ကတော့ အင်မတန်ခက်ခဲလှပါတယ်။ ရေအမြဲပြန်ဖြည့်နိုင်တဲ့ ရေသန့်ဘူးကောင်းကောင်းတစ်ဘူးကို အိတ်ထဲအမြဲထည့်ထားပြီးတော့ မမေ့မလျော့ဘဲ သောက်သုံးပေးပါ။

၅။ ချောမွေ့အိစက်တဲ့ခေါင်းအုံးစွပ်ကို အသုံးပြုပါ

တစ်ညလုံးခေါင်းအုံးနဲ့ မျက်နှာပွတ်သပ်နေတာကြောင့် မနက်အိပ်ရာနိုးရင် မျက်နှာအသားအရေတွေတွန့်ပြီး ဆံပင်တွေလည်း ရှုပ်ပွနေတတ်ပါတယ်။ သို့သော်လည်း ကိုယ်သုံးနေကျ ခေါင်းအုံးစွပ်နေရာမှာ ပိုးသား သို့မဟုတ် ဖဲသားကို အစားထိုးအသုံးပြုပေးလိုက်ပါ။

၆။ အရမ်းတင်းအောင် ခေါင်းမစည်းပါနဲ့

မကြာခဏဆိုသလို ခေါင်းကိုတင်းကြပ်အောင်လို့ ဆံပင်စည်းခြင်းက အမြင်ဆိုးရုံသာမက ဆံသားတွေကိုလည်း ကျိုးကြေပျက်စီးစေနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ခေါင်းမစည်းတာအကောင်းဆုံးဆိုပေမယ့်လည်း ခေါင်းစည်းမှဖြစ်မယ့် အခြေအနေတွေမျိုးတွေဆိုရင် ဆံပင်မနာစေမယ့် ကွင်းကြီးကြီးတွေကို အသုံးပြုပေးပါ။