နွားနို့က အရိုးတွေ သန်စွမ်းဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက် အရမ်းအရေးပါတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါနော်။ နွားနို့က ကျန်းမာခြင်းကိုပေးတဲ့အပြင် ပျိုမေလေးတွေရဲ့အလှအပအတွက်လည်း တော်တော်အသုံးဝင်တယ်ဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

အလှအပကျွမ်းကျင်ပညာရှင်တွေကလည်း အသားအရည်နဲ့ ဆံပင်ကျန်းမာရေးအတွက် နွားနို့ကိုအသုံးပြုကြဖို့ အကြံပေးထားကြပါတယ်။ ကဲ…ဒါဆိုရင် နွားနို့က အသားအရည်အတွက် ဘယ်လိုကောင်းကျိုးတွေပေးစွမ်းနိုင်သလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်..

အသားအရည်ကို ဖြူဖွေးလာစေတယ်

သင့်ရည်ရွယ်ချက်က နဂိုအသားအရေထက် ပိုဖြူချင်ပြီးစိုစိုပြေပြေလေးဖြစ်ချင်တယ်ဆိုရင်တော့ နွားနို့ကို သတိရလိုက်ပါ။ နို့ရေချိုးပေးနိုင်သလို။ ပျားရည်နဲ့ နွားနို့နဲ့ ရောပြီး ပေါင်းတင်နိုင်သလို ပျားရည်နဲ့ သံပုယိုသီးနဲ့ တွဲစပ်ပြီးလည်း သုံးနိုင်ပါတယ်။

ချွေးပေါက်ကျဉ်းစေတယ်

ကျယ်နေတဲ့ ချွေးပေါက်လေးတွေကို ကျဉ်းသွားစေဖို့ နွားနို့က ကူညီနိုင်ပါတယ်။ ဝါဂွမ်းလုံးလေးတွေကို နွားနို့ထဲစိမ်ပြီးတဲ့အခါ ကျယ်နေတဲ့ချွေးပေါက်နေရာမှာ မိနစ်နှစ်ဆယ်ခန့် ညင်ညင်သာသာပွတ်တိုက်ပေးပါ။ တစ်ပတ်ကို သုံးကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ချွေးပေါက်လေးတွေကျဉ်းသွားတာကို တွေ့ရမှာပါ။ ပိုပြီးထိရောက်မှု ရှိချင်တယ်ဆိုရင် နို့နဲ့ ပျားရည်နဲ့ ရောပေးလိုက်ပါ။

အသားအရည်ကို ချောမွေ့သွားစေတယ်

အလှဘုရင်မ ကလီယိုပတ်ထရာရဲ့ လျှို့ဝှက်ချက်ကို သိကြပါသလား။ နွားနို့နဲ့ ရေချိုးပေးခြင်းပဲဖြစ်ပါတယ်။ သင်လည်းပဲ အသားအရည်လေးချောမွေ့ပြီး တင်းတင်းရင်းရင်းဖြစ်ချင်တယ်ဆိုရင်တော့ တစ်ပတ်ကိုနှစ်ကြိမ်း နွားနို့နဲ့ ရေချိုးပေးပါ။

အရေပြားယားယံခြင်းနဲ့ ဆဲလ်သေလေးတွေကို ဖယ်ရှားပေးတယ်

တချို့မိန်းကလေးတွေရဲ့ အသားအရည်က အရမ်းနူးညံ့တဲ့အခါမှာ နေရောင်ခြည်နဲ့ ဖုန်မှုန့်တွေ ထိတွေ့မှုများလာရင် အသားအရေယားယံခြင်းကို ခံစားရပါတယ်။ နွားနို့စိမ်ထားတဲ့ ဝါဂွမ်းလေးကို နေ့တိုင်း မျက်နှာပေါ်မှာ နာရီဝက်ခန့် ညင်ညင်သာသာပွတ်လိမ်းပေးမယ်ဆိုရင် ဆဲလ်သေလေးတွေ ဖယ်ရှားပေးပြီး ကျန်းမာတဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါပြီ။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် သင့်ကို နုပျိုလန်းဆန်းနေစေမှာ အမှန်ပါပဲ။