နွေရာသီလို ပူအိုက်ခြောက်သွေ့တဲ့ရာသီမှာလည်း အသားလေးအေးပြီး စိုပြေကြည်လင်နေဖို့ သဘာဝပစ္စည်းတွေသုံးပြီး ပေါင်းတင်လိုက်ရအောင်နော်။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် နွေရာသီမှာ အဖြစ်များတဲ့ နေလောင်ကွက်၊ ဝက်ခြံနဲ့ အပူဖုစတဲ့ အရေပြားပြဿနာတွေကို အံတုနိုင်ပြီး စိုပြေတောက်ပတဲ့ အသားအရေလေးပိုင်ဆိုင်စေဖို့ ပြုလုပ်ပေးသင့်တဲ့ DIY ပေါင်းတင်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းတွေက Skin Type တော်တော်များများနဲ့အဆင်ပြေတဲ့အပြင် အရေပြားရေဓာတ်ဖြည့်ပေးပြီး အသားခြောက်ခြင်း၊ ချွေးပေါက်ပိတ်ခြင်းတွေမဖြစ်စေဖို့အတွက်ပါ ကာကွယ်ပေးနိုင်မှာပါ။

၁။ သခွားသီးနဲ့ ဖရဲသီး

Photo: Rajicooks

သခွားသီးနဲ့ဖရဲသီးနှစ်မျိုးလုံးက ရေဓာတ်များတဲ့အသီးတွေဖြစ်တာကြောင့် အသားအရေကို အစိုဓာတ်ဖြည့်ပြီး မလိုတဲ့ အညစ်အကြေးတွေဖယ်ရှားပေးမယ့်အပြင် စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။ သခွားသီးဖျော်ရည်အနည်းငယ်နဲ့ ဖရဲသီးအနည်းငယ်တို့ကို ကြက်ဥအကာအရည်နဲ့ရောပြီး Blender ထဲရောကြိတ်ပေးပါ။ ရလာတဲ့အနှစ်ကို မျက်နှာနဲ့လည်ပင်းတစ်ဝိုက်မှာ မိနစ် ၃၀ ခန့်အထိ လိမ်းထားနိုင်ပြီး အချိန်ပြည့်တဲ့အခါ ရေနဲ့ပြန်သစ်ပေးလိုက်ရုံပါပဲ။

၂။ နှင်းဆီပေါင်းခံရည်နဲ့ စန္ဒကူးအမှုန့်


ပူပြင်းတဲ့နေကြောင့် အသားညိုခြင်းကို ပြန်လည်ကြည်လင်လာစေမယ့် ပေါင်းတင်နည်းဖြစ်ပြီး စန္ဒကူးကအသားအေးစေတာကြောင့် နွေရာသီအတွက်လည်းအရမ်းသင့်တော်ပါတယ်။ နှင်းဆီရည်ရဲ့အာနိသင်ကလည်း အသားအရေကိုလန်းဆန်းစေမှာဖြစ်လို့ အမှုန့်ကြိတ်ထားတဲ့ စန္ဒကူးမှုန့်နှစ်ဇွန်းထဲကို နှင်းဆီပေါင်းခံရည် Rose Water အနည်းငယ်ရောပြီး မျက်နှာမှာလိမ်းပေးပါ။ မိနစ် ၂၀ခန့်ထိထားပြီးမှ ရေဆေးချနိုင်ပါတယ်။

၃။ ရှားစောင်းလက်ပတ်နဲ့ သံပယိုရည်


သံပယိုရည်က အသားကြည်ပြီးတောက်ပစေသလို ရှားစောင်းလက်ပတ်ကလည်း အသားအရေကို အစိုဓာတ်ပြည့်စေပါတယ်။ ရှားစောင်း Gel နှစ်ဇွန်းခန့်နဲ့ သံပယိုရည်တစ်ဇွန်းတို့ကို ခွက်တစ်ခုထဲထည့်ပြီး နှံ့အောင်မွှေပေးပါ။ ရလာတဲ့အရောကို မျက်နှာမှာ ၁၅ မိနစ်ခန့်လိမ်းပေးပြီး ပေါင်းတင်နိုင်ပါတယ်။ သံပယိုရည်မှာ အသားပါးစေတဲ့ဓာတ်ပါဝင်တာကြောင့် ဒီ Mask ကို တစ်ခါတစ်ရံမှသာ အသုံးပြုပေးပါ။ နှစ်ပတ်တစ်ကြိမ်ထပ်ပိုမသုံးမိအောင် သတိထားပေးပါ။

၄။ ပူစီနံ (Mint) နဲ့ နံ့သာမှုန့်


အေးမြစေတဲ့ Mint ကလည်းနွေရာသီနဲ့ကွက်တိပါပဲ။ ဒါကြောင့် ပူစီနံ့အနံ့ခံနိုင်တဲ့သူတွေအနေနဲ့ ထောင်းထားတဲ့ ပူစီနံရွက်အချို့နဲ့အတူ အဆီပြန်ခြင်းလျှော့ချပေးပြီး အသားအေးစေတဲ့ ဆေးဖက်ဝင်နံ့သာမှုန့် ခွက်တစ်ခွက်ခန့်ကို ရောပြီး အနှစ်ရည်ရအောင်လုပ်ပေးပါ။ ရလာတဲ့ ပေါင်းတင်အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာလိမ်းပေးပြီး ခြောက်သွားတဲ့အခါ ရေနဲ့ပြန်လည်ဆေးချနိုင်ပါတယ်။

၅။ အသီးတွေနဲ့ပေါင်းတင်နည်း


အရသာရှိတဲ့ သဘာဝအသီးလေးတွေနဲ့ပေါင်းတင်ပေးတာကလည်း သင့်ကိုလန်းဆန်းပြီး မျက်နှာလေးကိုပါ ကြည်လင်လာစေမှာပါ။ ဒါကြောင့် ဌက်ပျောသီး၊ ပန်းသီး၊ သင်္ဘောသီး၊ ကီဝီ၊ လိမ္မော်သီးစတဲ့ အသားအရေအတွက် အကျိုးပြုဗီတာမင်ဓာတ်တွေပါဝင်နေတဲ့ အသီးတွေကိုရောပြီး ကြိတ်ပေးပါ။ သင့်မျက်နှာမှာလိမ်းပေးပြီး မိနစ် ၂၀ မှ ၃၀ အထိထားနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar