အားလုံးပဲမင်္ဂလာပါနော်။ များသောအားဖြင့် အသားခြောက်တာက ဆောင်းရာသီမှာအဖြစ်များပေမယ့် နွေရာသီရဲ့ ပူပြင်းတဲ့နေအရှိန်ကြောင့် ချွေးထွက်များပြီး အစိုဓာတ်နဲ့ရေဓာတ်ခန်းခြောက်ရာကတစ်ဆင့်လည်း ဖြစ်လာတတ်ပါတယ်။ ချွေးပေါက်ပိတ်တာ၊ ကလိုရင်းရေနဲ့ အထိများတာ၊ ရေသောက်နည်းတာနဲ့ Sunscreen သချာမလိမ်းမိတာတွေကလည်း အသားခြောက်စေမယ့် အကြောင်းအရင်းတွေပါပဲ။ သင့်အသားအရေလေး ပြန်လည်နူးညံ့တောက်ပဖို့ဆိုရင် အစိုဓာတ်ပြည့်အောင်လုပ်ဖို့ မဖြစ်မနေလိုအပ်တာမို့ ဒီတစ်ခေါက်မှာ နွေရာသီနဲ့သင့်တော်ပြီး ကိုယ်တိုင် DIY လုပ်ရလွယ်စေမယ့် Moisturizer လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။ Glycerine အလှဆီနဲ့ နှင်းဆီပေါင်းခံရည်
ဒီ DIY Moisturizer မှာပါတဲ့ Glycerine ဆီက အသားအရေနုပျိုလန်းဆန်းပြီး ရေဓာတ်ဖြည့်ပေးနိုင်သလို နှင်းဆီပေါင်းခံရည်ကလည်း အစိုဓာတ်ပြည့်ကာ Glow နေတဲ့အသားအရေလေးကိုရစေပါတယ်။ ပြုလုပ်နည်းကတော့ နှင်းဆီရည် 100ml ကို အရောအနှောမရှိတဲ့ Glycerine အလှဆီ စားပွဲတင်တစ်ဇွန်းတို့နဲ့ ရောမွှေပေးရမှာပါ။ အရည်ပုံစံရသွားတဲ့အခါ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ လိမ်းထားလိုက်ပါ။
၂။ ရှားစောင်းလက်ပတ် Gel
ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ ဗီတာမင်အာနိသင်တွေက အသားအရေအစိုဓာတ်အတွက် အရမ်းအသုံးဝင်ပါတယ်။ သဘာ၀ ရှားစောင်း Gel ကို Moisturizer အဖြစ်အနည်းငယ်လိမ်းထားပြီး မိနစ် ၂၀လောက်အကြာမှာ ရေနဲ့ပြန်လည်ဆေးချလိုက်ရုံပါပဲ။ သင့်အသားအရေကို အဆီမပြန်ဘဲ အစိုဓာတ်ရနေဖို့ကူညီပေးမှာပါ။
၃။ ပျားရည်
ပျားရည်က ကြမ်းတမ်းခြောက်သွေ့နေတဲ့ အရေပြားအစိတ်အပိုင်းတွေကိုနူးညံ့ချောမွေ့စေပြီး အသားအရေကို အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ လိမ်းရမယ့်ပုံစံကတော့ ရေရောထားတဲ့ ပျားရည်အပျော့ကို ခန္ဓာကိုယ်မှာလိမ်းပေးရမှာပါ။ ၁၅ မိနစ်လောက်ထားပြီး ပြန်လည်ရေဆေးချပေးလိုက်ပါ။ ပျားရည်အပျော့ထဲ လိမ္မော်ရည်ရောပြီး မျက်နှာနဲ့ လည်ပင်းနေရာတွေမှာ မိနစ် ၂၀ လောက်လိမ်းထားတာမျိုးလည်းပြုလုပ်နိုင်ပါတယ်။
၄။ သံလွင်ဆီနဲ့ သကြား
သကြားက အရေပြားကအပေါ်ယံက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကိုခြောက်သွေ့ခြင်း ကင်းစေပါတယ်။ သံလွင်ဆီကတော့ အသားအရောင်ညီပြီး ကြည်လင်လာစေတာကြောင့် ပထမဆုံး သကြား ခွက်တစ်ဝက်ခန့်နဲ့ သံလွင်ဆီနှစ်ဇွန်းတို့ကိုရောလိုက်ပါ။ Essential Oil သုံးတတ်တဲ့သူတွေအနေနဲ့ လာဗင်ဒါအဆီလို Oil တွေထည့်နိုင်ပါတယ်။ ပြီးနောက် ရလာတဲ့အရောကို သင့်အသားအရေအပေါ် လိမ်းပေးပြီး မိနစ်အနည်းငယ်အကြာမှာ ပြန်လည်ဆေးချနိုင်ပါတယ်။
Photo Source: Pinterest