မိဘဆိုတာက ကလေးတွေအတွက် စံပြပုဂ္ဂိုလ်တွေပါပဲ။ ကလေးတွေကို ကောင်းမွန်တဲ့ အလေ့အကျင့်တွေ သင်ပေးချင်တယ်ဆိုရင် ဆုပေး ဒဏ်ပေးစနစ်က အဆင်မပြေပါဘူး။ မိဘတွေက ကောင်းမွန်စွာပြောဆိုနေထိုင်မှ ကလေးတွေကလည်း အလားတူ ပြုမူနေထိုင်ပါလိမ့်မယ်။
မိမိကိုယ်ကို ဝေဖန်ခြင်း
ကလေးတွေရှေ့မှာ မိမိကိုယ်ကို အထင်သေးသွားစေတဲ့ စကားမျိုးတွေ မပြောသင့်ပါဘူး။ ဥပမာ ခန္ဓာကိုယ် ပိန်တာ ဝတာ၊ လှတာ မလှတာ စသဖြင့်မပြောသင့်ပါဘူး။ ဒါဟာ ကလေးတွေမှန်ကြည့်တဲ့အခါမှာ အပြစ်ရှာဖို့ သင်ပေးလိုက်သလို ဖြစ်သွားမှာပါ။ ဒီလို မိမိကိုယ်ကို ဝေဖန်နေမယ့်အစား လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ နေလို့ထိုင်လို့ကောင်းတဲ့ အကြောင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားတာကြောင့် နေထိုင်ကောင်းကြောင်း စသဖြင့် ကောင်းတဲ့အရာတွေကိုရွေးပြီး ပြောပေးတာက အကောင်းဆုံးပါ။
စိတ်ခံစားချက်ကြောင့် အစာစားခြင်း
သင်ဟာ ဝမ်းနည်းတဲ့အချိန် (သို့) စိတ်ပျက်တဲ့အချိန်တွေမှာ နေလို့ထိုင်လို့ကောင်းအောင် အစာစားလေ့ရှိတဲ့ သူဆိုပါစို့။ ဒါဟာ ကလေးအတွက် မကောင်းတဲ့ မက်ဆေ့ပေးရာရောက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးတွေအနေနဲ့ စိတ်သက်သာရာရအောင် စားချင်တာစားခွင့်ရှိတယ်လို့ ထင်သွားပါလိမ့်မယ်။ အစားအစာတွေ စားတာထက် သူငယ်ချင်းဒါမှမဟုတ် ရင်းနှီးတဲ့သူကို ရင်ဖွင့်တာမျိုး၊ လမ်းထွက်လျှောက်တာမျိုးတွေက ပိုပြီးအဆင်ပြေကြောင်း ကလေးတွေမြင်အောင်ပြပေးပါ။
မိဘတွေကိုယ်တိုင် စည်းကမ်းမလိုက်နာခြင်း
ညစာစားနေတဲ့အချိန်တွေမှာ ကလေးတွေကို ဖုန်းမသုံးဖို့ပြောပြီး သင်ကိုယ်တိုင်က ဖုန်းအသုံးပြုနေမယ်ဆိုရင် ဒါဟာ ကလေးတွေအတွက် မကောင်းတဲ့ မက်ဆေ့တွေပေးနေတာနဲ့တူပါတယ်။ မိသားစုဝင်တွေထဲမှာ စည်းကမ်းတွေချမှတ်ထားတယ်ဆိုရင် မိဘတွေကိုယ်တိုင် ဒီစည်းကမ်းကို လိုက်နာသင့်ပါတယ်။ ဒါမှသာ ကလေးတွေ အရွယ်ရောက်လာတဲ့အခါမှာ သူတို့ပြောတဲ့စကားကို သူတို့တည်နိုင်အောင် ကြိုးစားလာတက်မှာပါ။
အမြဲတမ်း ငြင်းခုံနေခြင်း
မိဘတွေအနေနဲ့ အမြဲတမ်းလိုလို အငြင်းအခုန် ဖြစ်နေတာက ကလေးတွေကို ဒီလိုအငြင်းအခုန်လုပ်တာက ပုံမှန်ဖြစ်တယ်ဆိုတဲ့ မက်ဆေ့တွေ ပေးနေတာနဲ့တူပါတယ်။ သူတို့အနေနဲ့ ရန်ဖြစ်စကားများတာက ပုံမှန်အပြုအမူတခုအဖြစ် သတ်မှတ်ပြီး သူတို့ကိုယ်တိုင်လည်း ဒီလိုပြုမူနေထိုင်လာပါလိမ့်မယ်။ အကယ်၍ တစ်စုံတစ်ခုတွက် အငြင်းအခုန်လုပ်ရတော့မယ်ဆိုရင် ကလေးရဲ့ နောက်ကွယ်မှာပဲ လုပ်တာအကောင်းဆုံးပါ။