သာမန်ရေချိုးခန်းတစ်ခုထဲက အိမ်သာတစ်လုံးမှာပဲ ၃.၂ သန်း ဘက်တီးရီးယားတွေ ရှိနေနေတယ်ဆိုတာ သင်သိပါသလား။ သင်တစ်နေ့တစ်နေ့ မသိဘဲလုပ်မိနေတဲ့ အလေ့အကျင့်ဆိုးတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီပိုးမွှားတွေကို နေရာအနှံ့ဖြန့်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါရဲ့နောက်ဆက်တွဲရလဒ်တွေကတော့ ဝက်ခြံထွက်ခြင်း သို့မဟုတ် အစာအိမ်အောင့်ခြင်းတို့ပါပဲ။
ဒါဆိုရင် အိမ်သာ၊ ရေချိုးခန်းတွေထဲမှာ နေ့စဥ်လုပ်နေမိတဲ့ အကျင့်ဆိုးတွေက ဘာတွေလဲ၊ ဘယ်လိုရှောင်ကြဥ်ရမလဲဆိုတာကို အခုပဲအတူတူလေ့လာကြရအောင်ပါ။
၁။ ပေါင်အတွင်းသားတစ်ဝိုက်က အမွှေးအမျှင်တွေ ရိတ်ခြင်း
လူသားပီပီ ခန္ဓာကိုယ်မှာ အမွှေးရှိတာ သဘာဝပါ။ ပထမအချက်အနေနဲ့ အမျိုးသားတွေကို ဆွဲဆောင်တဲ့ Pheromones တွေ ပါဝင်ပြီး ဒုတိယအချက်အနေနဲ့ကတော့ ပြင်ပကဘက်တီးရီးယားတွေရန်မှ ကာကွယ်ပေးပါတယ်။ သူတို့ကို ရိတ်ပစ်မယ်ဆိုရင် အသားအရေကို အများကြီးထိခိုက်နိုင်လို့ ကိုယ်က အမွှေးအမျှင်မရှိတာမျိုး လိုချင်တယ်ဆိုရင်တော့ အမျိုးသမီးသုံး Shaving ပစ္စည်းတွေနဲ့ Shaving Cream တို့ကို အသုံးပြုပါ။ ထိုနားတစ်ဝိုက်ရှိ အသားအရေက Sensitive ဖြစ်တာမို့ ဆပ်ပြာမသုံးဖို့ အကြံပြုချင်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ Waxing ပါ။
၂။ ဂျီးတိုက်အဖတ်သုံးခြင်း
Loofah လို့ခေါ်တဲ့ ခန္ဓာကိုယ်တိုက်အဖတ်က အသစ်စက်စက်ကို အသုံးပြုမှသာ အဆင်ပြေတာပါ။ အသားအရေဆဲလ်သေတွေကို ပွတ်တိုက်ဖယ်ရှားပေးဖို့ Loofah ကို အသုံးပြုကြပြီးနောက် ဘယ်လောက်ပဲပြန်ဆေးဆေး သူ့အတွင်းထဲမှာ ကျန်နေခဲ့သေးပါတယ်။ နောက်ပြီးတော့ ရေချိုးခန်းထဲမှာ ဒီအတိုင်းထားခြင်းကလည်း ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးအခိုက်အတန့်တစ်ခုကို ဖန်တီးပေးလိုက်သလိုပါပဲ။ ဒါကြောင့် Loofah ကို အသစ်မကြာမကြာလဲသုံးပါ။ အသုံးပြုပြီးတာနဲ့ သေချာရေဆေးပြီး ရေချိုးခန်းထဲမထားခဲ့ဘဲ နေပူထဲမှာအခြောက်လှန်းပါ။ Loofah သုံးတာလျှော့ပြီး တစ်ပတ်နှစ်ကြိမ်လောက် ချေးချွတ်ပါ။
၃။ စင်ပေါ်မှာ သွားတိုက်တံတင်လေ့ရှိခြင်း
အိမ်တစ်အိမ်မှာ အသန့်ရှင်းဆုံးနေရာက ရေချိုးခန်းမဟုတ်သလို ဘက်တီးရီးယားတွေ ဘယ်လောက်တောင်ရှိနေမလဲဆိုတာကို တွေးတောင်မတွေးရဲစရာပါပဲ။ ကိုယ့်သွားတိုက်တံမှာ ပိုးမွှားတွေရှိနေမှာကို ဘယ်သူမှလိုလားကြမှာမဟုတ်လို့ တွေ့သလိုလျှောက်မတင်ဘဲ အိမ်သာနဲ့ခပ်ဝေးဝေးမှာထားပါ။ နောက်ပြီး ၃ လ တစ်ကြိမ် သွားတိုက်တံအသစ်လဲပါ။
၄။ အိမ်သာထဲ ဖုန်း၊ တက်ဘလက်တို့ သယ်သွားခြင်း
ခန့်မှန်းခြေအားဖြင့် ယနေ့ခေတ် ၉၀ ရာခိုင်နှုန်း လူအများစုဟာ အိမ်သာတက်မယ်ဆို သူတို့သုံးနေတဲ့ ဖုန်း သို့မဟုတ် တက်ဘလက်တို့ကို တစ်ခါတည်းသယ်သွားတတ်ကြပါတယ်။ အိမ်သာတက်ပြီး လက်ဆေးကြပေမယ့်လည်း မဆေးခင် ဒီလက်နဲ့ကိုင်ထားတဲ့ ပစ္စည်းတွေကိုတော့ သန့်ရှင်းရေးမလုပ်မိကြပါဘူး။ ဒါနဲ့ပဲမေ့ပြီးတော့ ဒီပစ္စည်းတွေကို ထမင်းစားပွဲပေါ် တင်မိတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
၅။ တဘက်နဲ့မျက်နှာသုတ်ခြင်း
ကိုယ်တစ်ဦးတည်းသုံးနေတဲ့ တဘက်သပ်သပ်ရှိပေမယ့်လည်း အသားအရေအထိအခိုက်မခံနိုင်သူတွေအတွက်တော့ အန္တရာယ်ရှိနိုင်ပါသေးတယ်။ တဘက်သုံးပြီး မျက်နှာသစ်ပြီးနောက် စိုနေတဲ့တဘက်ကို နေပူမလှန်းဘဲ ဒီအတိုင်းထားလိုက်မယ်ဆိုရင် ဘက်တီးရီးယားတွေပေါက်ဖွားဖို့ နေရာကောင်းတစ်ခုဖန်တီးပေးလိုက်သလို ဖြစ်နိုင်တာမို့ တဘက်ထက် တစ်သျှူးလေးတွေသုံးပြီး မျက်နှာသစ်နိုင်ပါတယ်။
၆။ ၁၅ မိနစ်ထက်ပိုပြီး အိမ်သာမှာအကြာကြီးထိုင်ခြင်း
တစ်ခါတစ်လေ စာအုပ်ဖတ်ရင်း၊ ဂိမ်းဆော့ရင်း ဒါမှမဟုတ် ဝမ်းချုပ်နေလို့ အိမ်သာမှာ အကြာကြီးထိုင်ဖြစ်သွားတာမျိုးကို ကြုံဖူးကြမှာပါ။ သုတေသီတို့ရဲ့ပြောစကားတွေအရ ဒီလိုအကြာကြီးထိုင်ခြင်းက ကျန်းမာရေးနဲ့လည်းမညီညွတ်သလို ကြာလာရင် လိပ်ခေါင်းပါဖြစ်လာနိုင်ပါတယ်တဲ့။ ဒီ့အတွက် အိမ်သာတစ်ကယ်တက်ချင်စိတ်ဖြစ်လာမှသာ အိမ်သာသွားပါ။ နောက်ပြီး အချိန်ကုန်လို့ကုန်မှန်းမသိတာမျိုး မဖြစ်အောင်လို့ အိမ်သာထဲ ဘာပစ္စည်းမှ သယ်မသွားပါနဲ့။
၇။ ခေါင်းလျှော်ရည်သုံးချိန် ဆံပင်ကိုအပေါ်မှာစုထွေးထားခြင်း
ပျော့ဆေးတွေသုံးတာတောင်မှ ဆံပင်ဖြီးတဲ့အချိန် ဆံပင်ငြိတာမျိုးဖြစ်နေတယ်ဆိုရင် သင်ခေါင်းလျှော်ပုံလျှော်နည်း မှားယွင်းနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်ကျနေတဲ့အတိုင်းပဲထားပြီး ခေါင်းပေါ်စုတင်တာမျိုးမလုပ်ပါနဲ့။ ဦးရေပြားကိုလည်း နှိပ်နယ်ပေးပါ။
Source: BrightSide