အသားအရေ ထိန်းသိမ်းခြင်းက ပုံမှန်ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ အသားအရေကို ထိန်းသိမ်းပြုပြင်ခြင်းမရှိဘဲ ပစ်ထားမယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာ သင် နောင်တအကြီးအကျယ် ရလာပါလိမ့်မယ်။

အချိန်လွန်မှ နောင်တမရချင်ဘူး။ ဒါပေမဲ့ Skincare ကိုလည်း ဘယ်ကစ ပြုလုပ်ရမှန်းမသိသေးတဲ့ ညီမလေးများအတွက် နည်းစနစ်ကျတဲ့ Skincare Steps အဆင့်ဆင့်ကို ဖော်ပြပေးချင်ပါတယ်။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ

အိပ်ပျော်နေစဉ်မှာ ခေါင်းအုံးနှင့် စောင်မှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်များ၊ ဘက်တီးရီးယားများက သင့်မျက်နှာမှာ ကပ်ငြိနေတာကြောင့် မနက်တစ်ကြိမ် မျက်နှာသစ်ပေးရမှာဖြစ်ပြီး တစ်နေကုန်လုံးမှာလည်း ပြင်ပမှ ဖုန်မှုန့်နှင့် အညစ်အကြေးများ ကပ်ငြိနေတတ်တာကြောင့် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် မျက်နှာသစ်ရပါမယ်။ မိမိအသားအရေနှင့် လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုပါ။

Moisturizer အသုံးပြုပါ

အသားအရေက ရေဓာတ်ပြည့်ဝနေမှ အသားအရေ နီမြန်းရောင်ရမ်းခြင်း၊ ကြမ်းတမ်းခြောက်သွေ့ခြင်း (သို့) အဆီပြန်ခြင်းတို့မှ ကာကွယ်နိုင်မှာပါ။ ဒါ့ကြောင့် မျက်နှာသစ်ပြီးတဲ့အခါ ဒုတိယအဆင့်အနေနဲ့ Moisturizer ခရင်မ် အသုံးပြုရပါမယ်။

အစိုဓာတ်ထိန်းခရင်မ် လိမ်ပေးလိုက်ခြင်းကြောင့် ပြင်ပမှ အညစ်အကြေးနှင့် အဆိပ်အတောက်များ ချွေးပေါက်ကျယ်မှတဆင့် ဝင်မသွားအောင် ကာကွယ်ပေးခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့မှ ထိန်းသိမ်းပေးပါတယ်။

ရေဓာတ်ဖြည့်တင်းပါ

တစ်နေ့တာလိုအပ်တဲ့ရေပမာဏကတော့ ဖန်ခွက် ၈ ခွက် (၂ လီတာ) ခန့် ဖြစ်ပါတယ်။ ရေသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များ ပြင်ပသို့ထွက်ရှိသွားမှာဖြစ်ပြီး အကျိုးရလဒ်အနေနဲ့ အသားအရေက ညစ်ထေးခြင်းမရှိတော့ဘဲ ကြည်လင်စိုပြေနေပါလိမ့်မယ်။

သင့်မျက်နှာပေါ်ကို ဆပ်ပြာ (လုံးဝ) အသုံးမပြုပါနဲ့

ကိုယ်တိုက်ဆပ်ပြာနဲ့ မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာအသားအရေရဲ့ pH ပမာဏ ပျက်စီးသွားပြီးနောက် အသားအရေ ကြမ်းတမ်းလာခြင်း၊ ရောင်ရမ်းလာခြင်းနှင့် ဝက်ခြံပေါက်ခြင်းတို့ ခံစားရတတ်ပါတယ်။ မျက်နှာအသားအရေက နူးညံ့တဲ့အတွက်ကြောင့် ကိုယ်တိုက်ဆပ်ပြာနဲ့ (လုံးဝ) မျက်နှာမသစ်ပါနဲ့။

တစ်ပတ် နှစ်ကြိမ်ခန့် ပေါင်းတင်ပါ

မျက်နှာပေါင်းတင်ကပ်ခွာတွေကိုလည်း ဈေးကွက်ထဲမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါပြီ။ တစ်ပတ် နှစ်ကြိမ်ခန့်၊ တစ်ကြိမ်လျှင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ပေါင်းတင်ပေးပါက သင့်အသားအရေက နူးညံ့စိုပြေလာပါလိမ့်မယ်။