ယနေ့ခေတ်က ဒစ်ဂျစ်တယ် နည်းပညာခေတ်၊ အွန်လိုင်းခေတ် ဆိုတဲ့အတိုင်းပဲ အွန်လိုင်းကနေ အလွယ်တကူပဲ ချစ်သူရှာနိုင်ပါတယ်။ ကိုယ်က ကြိတ်ခရက်ရှ်နေရတဲ့သူကို ဆိုရှယ်မီဒီယာကနေပဲ စကားပြောကြရင်း အချင်းချင်းသံယောဇဥ်ဖြစ်ကာ တွဲလက်မြဲသွားကြတဲ့ စုံတွဲတွေလည်း တစ်ပုံကြီးပါပဲ။

အွန်လိုင်းကနေ ချစ်သူဖြစ်သွားရင်း လက်ထပ်လိုက်ကြတဲ့ စုံတွဲတွေလည်း ရှိကြသလို အွန်လိုင်းမှာ စကားပြောရတာ အဆင်ပြေပေမယ့် လူချင်းချိန်းတွေ့ကြည့်တဲ့အခါမှာ အဆင်မပြေကြတဲ့ အတွဲတွေလည်း ရှိပါတယ်။

သင့်အနေနဲ့ အွန်လိုင်းကနေ ချစ်သူရှာချင်တယ်ဆိုရင် သိထားသင့်တဲ့ အခြေခံအချက်လေးတွေ ရှိပါတယ်။ ဒီအချက်များကို သိထားမှသာလျှင် အွန်လိုင်းမှာရော အပြင်မှာပါ ချိန်းတွေ့ရတာ အဆင်ပြေပြီး FA ဘဝက ကျွတ်မှာပါ။

ကိုယ့်ရဲ့ ပုံစံအစစ်အမှန်ကိုသာ ပြသပါ

ကိုယ့်ကို အထင်ကြီးစေချင်ဇောနဲ့ ကိုယ်က ဘာအလုပ်လုပ်တာ၊ ဘယ်လောက်တောင် တော်တာ၊ ခန္ဓာကိုယ်ဘယ်လိုလှတာ၊ မော်ဒယ်တောင် ရှုံးရလောက်တောင် စသဖြင့် ကိုယ့်ရဲ့ပုံစံအစစ်အမှန်ထက် ကျော်လွန်ကာ ကြွားဝါထားခြင်းမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

ကိုယ့်ရဲ့ နဂိုမူလပုံစံကိုသာ ပြသပါ။ ဒါမှ တစ်ဖက်လူကလည်း သင် ပြောပြထားတဲ့အတိုင်း ပုံဖော်ထားမှာဖြစ်ပြီး လူချင်းတွေ့တဲ့အခါမှာလည်း အဆင်ပြေပြေနဲ့ ချိန်းတွေ့နိုင်မှာ ဖြစ်ပါတယ်။

တစ်ဖက်လူအပေါ်မှာ မျှော်လင့်ချက်ကြီးကြီး မထားပါနှင့်

အွန်လိုင်းမှာ စကားပြောရင်း အဆင်ပြေလို့ အပြင်မှာ တွေ့ကြည့်ကြတဲ့အခါ အချို့က စုံတွဲအဖြစ် အဆင်ပြေသွားပေမယ့် အချို့က နောက်ထပ် ချိန်းမတွေ့ဖြစ်ကြတော့တာတွေ ရှိပါတယ်။

ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ ကိုယ့် စိတ်ကူးထဲက ပုံဖော်ထားတဲ့သူနှင့် အပြင်ကတစ်ယောက်ရဲ့ပုံစံသည် ကွဲလွဲနေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ယောကျာ်းလေးရာ မိန်းကလေးရာ အွန်လိုင်းကနေ ချစ်သူရှာမယ်ဆိုရင် ဘာမျှော်လင့်ချက်မှ မထားတာ အကောင်းဆုံးပါပဲ။

ကိုယ့်ဘက်က စကားစပါ

ဒီအချက်ကတော့ ယဥ်ကျေးမှုနဲ့ အများကြီး သက်ဆိုင်သွားပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ရည်းစားစကားကို မိန်းကလေးကလည်း စပြောကြပေမယ့် မြန်မာမိန်းကလေးတွေကျတော့ အိန္ဒြသိက္ခာ ထိန်းနေရတဲ့အတွက်ကြောင့် သူ့ဘက်က ဘယ်လောက်ပဲ စိတ်ဝင်စားနေပါစေ ဇာတ်လမ်းစဖို့ရာ ရှက်ရွံ့ကြပါတယ်။

ဒါပေမယ့် ကိုယ် စိတ်ဝင်စားတဲ့သူက ကိုယ့်ကိုလည်း စိတ်ဝင်စားတဲ့ အရိပ်အယောင် ပြတယ်ဆိုရင် ကိုယ့်ဘက်က အရင်စကားစပြောလိုက်ပါ။ လက်နှေးရင်တော့ FA ဘဝက တစ်သက်လုံး ကျွတ်မှာမဟုတ်ပါဘူး။

တစ်ယောက်နဲ့ အီစီကလီလုပ်နေချိန်မှာ အခြားတစ်ယောက်နဲ့ အီစီကလီဇာတ်လမ်း လုပ်ခြင်းကိုလည်း ရှောင်ကြဥ်ရပါမယ်

သင့်အနေနဲ့ ဘယ်သူ့ကို စိတ်ဝင်စားသလဲ၊ ထိုစိတ်ဝင်စားတဲ့သူကိုပဲ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် အာရုံစိုက်ရပါမယ်။ ထိုသို့မဟုတ်ဘဲ ဒီတစ်ယောက်ကိုလည်း အီစီကလီလုပ်လိုက်၊ ဟိုတစ်ယောက်ကိုလည်း အလွတ်မပေးဘူးဆိုရင် ကြာလာတဲ့အခါ ကိုယ့်ကို ချဥ်သွားပြီး ကိုယ်ကပဲ စာရိတ္တမကောင်းတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။

အငြင်းခံရတဲ့အခါမှာလည်း စိတ်ဓာတ်မကျသွားပါနဲ့

တစ်ယောက်နဲ့ ချိန်တွေးလို့ အဆင်မပြေဘူး အငြင်းခံလိုက်ရတယ်ဆိုရင်လည်း စိတ်မညစ်လိုက်ပါနဲ့။ နောက်တစ်ယောက် ထပ်ရှာကြည့်လိုက်ပါ။ ယနေ့ခေတ်လို ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ အွန်လိုင်း ချစ်သူရှာရတာက အလွယ်လေးပဲမဟုတ်လား။

တစ်ခုရှိတာကတော့ ချစ်သူမဖြစ်ခင်မှာ အရမ်းကြီး စိတ်ကို နှစ်ထားပြီး ချစ်ပြတာမျိုးတွေ မလုပ်မိပါစေနဲ့။ ဒါမှသာ အငြင်းခံရတဲ့အခါ အလွန်အကျွံ မခံစားရမှာပါ။