အချစ်ရေးတစ်ခု ရေရှည်တည်မြဲဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ အခက်အခဲတွေများစွာကို ရင်ဆိုင်ကျော်ဖြတ်ဖို့လိုသလို တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ညှိနှိုင်းမှုတွေလည်း ထပ်ခါထပ်ခါ ပြုလုပ်ကြရပါတယ်။

ဒါမှလည်း ရေရှည်တည်မြဲပြီး ကျန်းမာတဲ့အချစ်ရေးကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီဆောင်းပါးလေးမှာတော့ အချစ်ရေးတစ်ခု ရေရှည်တည်မြဲဖို့ အရေးကြီးတဲ့ အခြေခံအချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) မတူညီတဲ့ အမြင်တွေကို လေးစားပါ

သဘောထားကွဲလွဲမှုတွေဆိုတာ ချစ်သူတွေမပြောနဲ့ မိသားစု သွေးသားအရင်းတွေမှာတောင်မှ ရှိတက်တဲ့ ကိစ္စတစ်ခုပါ။ ကိုယ့်ရဲ့ထင်မြင်ချက်နဲ့မတူတာနဲ့ တစ်ဖက်လူရဲ့ ယူဆချက်သဘောထားတွေကို ပယ်ချနေမိတယ်ဆိုရင် ဒါဟာ သဘောထား သေးသိမ်လွန်းရာကျပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ ခက်ခဲနေမှာပါ။

ဒါ့ကြောင့် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ကြားမှာ မတူညီတဲ့အမြင်တွေ သဘောထားတွေရှိခဲ့ရင်တောင် တစ်ယောက်အမြင်ကို တစ်ယောက် အပြန်အလှန် respect ထားသင့်ပါတယ်။

(၂) အစစ်အမှန်ကို သာပေးပါ

ချစ်ခြင်းမေတ္တာဆိုတာ ဟန်ဆောင်လို့မရသလို အချိန်အကြာကြီး လိမ်ညာဖုံးကွယ်ထားလို့လည်းမရတဲ့ အရာတစ်ခုပါ။ ကိုယ့်အပေါ် မေတ္တာစစ်မှန်လား အချစ်တွေစစ်မှန်ရဲ့လားဆိုတာ တကယ်ချစ်တဲ့ သူတိုင်းခံစားမိပါတယ်။

ဒါကြောင့် သာယာပျော်ရွင်တဲ့ အချစ်ခရီးလမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် ရေရှည်လက်တွဲခိုင်မြဲသွားချင်တယ်ဆိုရင် ဟန်ဆောင်လိမ်ညာမှုကင်းကင်းနဲ့ တစ်ဦးအပေါ်တစ်ဦး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကိုသာပေးဖို့ အရေးကြီးပါတယ်။

(၃) ပြဿနာကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းပါ

စုံတွဲတိုင်းလိုလို ပြဿနာဖြစ်တဲ့ အချိန်တွေရှိကြပေမယ့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံပေါ်မူတည်ပြီး ရလဒ်တွေကလည်းအများကြီး ကွာခြားသွားစေပါတယ်။ သင်တို့ ချစ်သူနှစ်ဦးကြားမှာ အဆင်မပြေမှုတစ်စုံတစ်ရာ ပြဿနာတစ်စုံတစ်ရာဖြစ်လာခဲ့ရင် အကောင်းဆုံးက စိတ်ကိုအတည်ငြိမ်ဆုံး ပုံစံမှာထားပါ။

သွေးပူပြီး ဒေါသကိုရှေးတန်းတင်ရင် စကားလုံးရင့်သီးမှုတွေဖြစ်လာနိုင်ပြီး ရလဒ်ဆိုးတွေထွက်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဒါကြောင့် ပြဿနာတစ်ခုဖြေရှင်းတော့မယ်ဆိုရင် တစ်ဖက်ကပြောတဲ့စကားကို တစ်ဖက်ကသေချာဂရုတစိုက် နားထောင်ပေးပြီး တည်တည်ငြိမ်ငြိမ်ဖြေရှင်းတာ အကောင်းဆုံးဖြစ်မှာပါ။

(၄) တာဝန်ယူမှု တာဝန်ခံမှုရှိပါစေ

တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ချစ်သူစုံတွဲတွေကြားမှာလည်း ရှိသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ အမှားတစ်ခုလုပ်မိတယ်ဆိုရင် ကိုယ့်အမှားအတွက် အပြည့်အဝတာဝန်ယူရဲတဲ့သတ္တိ အမှားကိုဝန်ခံရဲတဲ့ သတ္တိမျိုးရှိဖို့ အရေးကြီးပါတယ်။

ကိုယ့်အမှားကို တာဝန်မယူပဲ လိမ်ညာမိတာ ရှောင်ပုန်းနေမိတာ တခြားသူတွေကိုလွဲချတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ အမှားလုပ်မိ အမှားကိုဝန်ခံပြီး တောင်းပန်သင့်ရင်တောင်းပန်ဖို့လိုပါတယ်။ ဒါမှလည်း တစ်ဦးနဲ့တစ်ဦးကြားမှာ ဆက်ဆံရေးအဆင်ပြေလာနိုင်ပြီး ရေရှည်လက်တွဲသွားနိုင်မှာပါ။