မိန်းကလေးတိုင်းမှာ ငယ်ငယ်ကတည်းက အမေတွေက တကိုယ်ရည်သန့်ရှင်းမှု Hygiene နဲ့ပတ်သက်ပြီး သတိပြုရမယ့် အချက်များသင်ပေးသလို Magazine တွေထဲကနေ တစ်ဆင့်တိုးပြီး Internet တွေထဲကနေလည်း လေ့လာကြတဲ့ အရာတွေ၊ ကိုယ်တိုင်သင်ယူထားတဲ့ အရာမျိုးလေးတွေလည်းရှိကြမှာပါ။

သို့ပေမယ့် အမှတ်တမဲ့ကြောင့် သတိမပြုမိတဲ့ Hygiene Tips လေးတွေလည်း ရှိပါသေးတယ်။  ဒီလိုအချက်တွေကြောင့် ဒါတွေဖြစ်တတ်ပါလားဆိုတဲ့ အမြင်လေးတွေရရှိလာအောင် အခုလိုဝေမျှပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

အရမ်းကြီးကြီးမားမား အချက်တွေမဟုတ်ပေမယ့် ဒီအချက်တွေကို ဖတ်ပြီးတာနဲ့ ကြိုသိလိုက်ရင်ကောင်းသားဆိုပြီး ကျေးဇူးတင်နေမှာပါ။

၁။ အမွှေးနံ့ပါတဲ့ Sanitary ပစ္စည်းတွေကိုရှောင်ကြဉ်ပါ။

ဒီလိုအမွှေးအနံ့တွေထည့်သွင်းထားတဲ့ ပစ္စည်းတွေဟာ ဓာတုပစ္စည်းကြာရှည်ခံတဲ့ အဆီ၊ ဥပမာ နှင်းဆီနံ့တို့လို ပန်းအနံ့တွေပါဝင်တဲ့ ပစ္စည်းတွေဟာ ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုယားယံခြင်းကနေပြီး အနာတရဖြစ်တာတို့ ပိုးဝင်တာတွေမဖြစ်စေဖို့ ရှောင်သင့်တာကို ကြိုတင်ရှောင်ထားတာ အကောင်းဆုံးပါ။

၂။ အောက်ခံဝတ်ဆင်ဖို့ဆို Cotton ကိုရွေးချယ်ပါ။

Underwear တွေကို ရွေးချယ်တဲ့အခါမှာ Cotton ဟာအကောင်းဆုံး အသင့်တော်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ Cotton သားဟာ လေဝင်လေထွက်ကောင်းလို့ပါပဲ။ အောက်ခံအဝတ်အစားတွေဟာ ကြပ်ပိတ်နေတာထက် လေဝင်လေထွက် ကောင်းလေလေ ဘက်တီးရီးယားပေါက်ဖွားနိုင်စွမ်း လျှော့နည်းလေပဲ ဖြစ်ပါတယ်။

၃။  မျက်နှာသုတ်ပုဝါ ဒါမှမဟုတ် ရေချိုးပြီး ပတ်လေ့ရှိတဲ့ Towel တွေကို မကြာခဏအသစ်လဲပေးပါ။

မျက်နှာသုတ်ပုဝါတွေဟာ ရေချိုးပြီးသုံးတာဖြစ်သော်လည်း မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေဟာ ကိုယ်သုတ်လိုက်တဲ့ရေတွေကနေ စိုစွတ်တဲ့ Wet Towel ကနေပြီး ပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို အသစ်လဲပေးဖို့တော့လိုပါတယ်။

၄။ ရေစိုနေတဲ့ အဝတ်အစား စိုစွတ်နေတဲ့ အရာတွေကို အကြာကြီးမဝတ်ဆင်ပါနဲ့

လူတိုင်းကတော့ အဝတ်တွေစိုစွတ်နေရင် မဝတ်တတ်ကြပါဘူး။ သို့ပေမယ့် ရေကူးတဲ့အခါတွေမှာ SwimSuit နဲ့ ရေမကူးပဲနားနေတာတို့ ရေကူးပြီး အဝတ်မလဲပဲ ပျင်းပြီး မောပြီး ထိုင်နေတာတို့ မပြုလုပ်သင့်ပါဘူး။

စိုတဲ့အဝတ်က အပူချိန်နဲ့တိုက်ရိုက်ထိတွေ့ပြီး ပိုးမွှားဖြစ်ပေါ်တတ်ပါတယ်။ နောက်ဆို ဒီလို Private Part နဲ့ပတ်သက်ပြီး အမှတ်တမဲ့ မပေါ့ဆသင့်တဲ့ Hygienic အချက်လေးတွေကို သတိထားမှတ်သားထားကြဖို့ တိုက်တွန်းချင်ပါတယ်။