အဆင့်မြင့်စားသောက်ဆိုင်ကြီးတွေမှာ ကုမ္ပဏီညစာ စားပွဲပဲဖြစ်ဖြစ်၊ မိသားစုညစာ စားပွဲပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ ညစာဒိတ်အဖြစ် ပြုလုပ်တာမျိုးပဲဖြစ်ဖြစ် အခြေခံအကျဆုံးဖြစ်တဲ့ အပြုအမူပိုင်းဆိုင်ရာဟာ အမျိုးကောင်းသမီးတစ်ယောက်ရဲ့ အပြုအမူဖြစ်နေရပါမယ်။

အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ညစာစားတဲ့အခါ ဘယ်လို လူ့ယဉ်ကျေးအပြုအမူမျိုး ပြုလုပ်သလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

သပ်ရပ်ကျော့ရှင်းပြီး စတိုင်လ်ကျနေအောင် ဝတ်ဆင်သွားပါ

ဒီအချက်ကတော့ ပထမအရေးအကြီးဆုံးပါပဲ။ ကိုယ့်ဘက်က သပ်သပ်ရပ်ရပ် ဝတ်ဆင်သွားခြင်းအားဖြင့် တစ်ဖက်လူကိုလည်း လေးစားရာရောက်ပြီး ကိုယ့်ရဲ့ဖက်ရှင်အဆင့်အတန်းကလည်း တစ်ဆင့်မြင့်သွားပါလိမ့်မယ်။

ဖုန်းသုံးခြင်းကို ရှောင်ကြဉ်ပါ

ထမင်းစားနေစဉ်မှာ တစ်ဖက်လူကို လျစ်လျူရှုထားပြီး ဖုန်းသုံးခြင်း၊ Tablet နဲ့ အခြားသော လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

သင့် ကိုယ်ပိုင်ပစ္စည်းများကို စားပွဲပေါ် မတင်ထားပါနဲ့

မိမိရဲ့ ဖုန်း၊ ပိုက်ဆံအိတ်၊ ထီး၊ လက်ကိုင်အိတ် စသည်တို့ကိုလည်း စားပွဲပေါ်မှာ တင်မထားရပါဘူး။

အကြံဉာဏ်ရယူဖို့ ဝန်မလေးပါနဲ့

ဒီနေ့အထူးဟင်းလျာက ဘာတွေလဲ။ ဝိုင်အမျိုးအစားထဲမှာရော ဘယ်ဝိုင်က အကောင်းဆုံးလဲ စတာတွေကို မသိတဲ့အခါမျိုးကျရင် စားပွဲထိုးဆီက အကြံဉာဏ် ရယူကာ သင့်ရဲ့ ညစာကို အရသာပိုရှိအောင် ဖန်တီးနိုင်ပါတယ်။

ကြားဖြတ်မပြောပါနဲ့

ဘယ်သူနဲ့ပဲ သင် ညစာစားစား အရေးမကြီးပါဘူး။ ကိုယ်နဲ့ ခင်မင်ရင်းနှီးဆုံး သူငယ်ချင်း၊ မိတ်ဆွေ ဖြစ်နေရင်တောင်မှ တစ်ဖက်သား စကားပြောနေချိန်မှာ ကြားဖြတ်မပြောရဘူးဆိုတာ လူယဉ်ကျေးတိုင်း သိထားကြပါတယ်။

အခြားသူစကားပြောနေချိန်မှာ ကြားဖြတ်ပြောပြီးမှ တောင်းပန်ခြင်းသည် လူကျင့်ဝတ်နားမလည်တဲ့သူပဲ ဖြစ်ပါတယ်။

အခြေခံအချက်များကို သတိရပါ

အစား စားနေချိန်မှာ ပါးစပ်က အသံမြည်နေအောင် စားခြင်း၊ ဇွန်း၊ ခက်ရင်းများ၊ ဓားများကို ပန်းကန်နဲ့ အသံကျယ်ကျယ်လောင်လောင် ထွက်လာအောင် ပြုလုပ်ခြင်း စသည်တို့ကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် အစားစားနေချိန်မှာ လက်ကိုင်ပုဝါ မကြာခဏ အသုံးပြုပေးပါ။

အစားအစာများကို တစ်ကြိမ်လျှင် တစ်ခုသာ လှီးဖြတ်ရပါမယ်။ ထိုင်တဲ့အခါမှာလည်း ခါးမတ်မတ်နှင့် ခန္ဓာကိုယ်အနေအထားကို စမတ်ကျကျ ထိုင်ရပါမယ်။