သင်က မိတ်ကပ်ပြင်ရတာကို ကြိုက်တဲ့သူလား။ အခုနောက်ပိုင်း မိတ်ကပ် Look တွေက ပြင်တတ်ရင် ပြင်တတ်သလို အခြားသူတစ်ယောက်ပုံစံ ပြောင်းလဲနိုင်တာမို့ Makeup စတိုင်အသစ်တွေ သိထားတာ မမှားပါဘူး။ သင်ကိုယ်တိုင်လည်း လိမ်းနေကျနဲ့ ကွဲထွက်တဲ့ မိတ်ကပ် Look မျိုး ပြင်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါ။

ဒီတစ်ခေါက်မှာ ဘယ်သူ့ထင်မြင်ချက်ကိုမှ ဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်တတ်တဲ့ ခပ်ချေချေကောင်မလေးလို Vibe မျိုးရစေမယ့် မိတ်ကပ် Look ပြင်ဆင်နည်းကို ဖော်ပြပေးသွားမှာပါ။ ဒီတော့ ပြင်ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်-

Foundation လိမ်းတော့မယ်ဆိုရင်

ဒီ Makeup Look အတွက် Foundation ကို ဖြူဖွေးနေတာထက် အညိုဖောက်တဲ့ ကာလာဖြစ်ဖို့လိုပါတယ်။ ကိုယ့်အသားရောင်ထက် တစ်ဆင့်လောက် ပိုညိုတဲ့ အရောင်ကိုရွေးပြီး သိပ်သိပ်ညက်ညက်လေးဖြစ်အောင် သေချာဖြန့်လိမ်းပေးပါ။ လိမ်းပြီးနောက် မိတ်ကပ်ပြန့်တာ၊ ကွက်တာတွေမဖြစ်အောင် အပေါ်က Powder ထပ်ပုတ်ပြီး အရောင်ညှိပေးပါနော်။

Eye Makeup လိမ်းတဲ့အခါ

ခပ်ချေချေ မျက်ဝန်းတစ်စုံအတွက် Eye Makeup က အဓိကပါပဲ။ ငွေရောင်၊ အညို၊ နီညိုနဲ့ အနက်စတဲ့ အရောင်မှိုင်းမှိုင်းတွေက ဒီလို Eye Makeup Look အတွက် အသင့်တော်ဆုံးပါ။ Smokey Eye Look ပုံစံရအောင် ဆိုးရပါမယ်။

ပထမဆုံး အပေါ်မျက်ခွံတစ်ခုလုံးကို အောက်ခံ အညို ခံပြီး မျက်ရစ်အောက်ပိုင်းကို အညိုရင့်ရင့်တစ်ထပ် ထပ်ဆိုးလိုက်ပါ။ မျက်လုံးအစွန်းတွေမှာလည်း အညိုရောင် ခပ်ဆွေးဆွေးခြယ်ပြီး အပေါ်မျက်ခွံဘေးကို ကြောင်မျက်လုံး Eyeliner ပုံစံ ခပ်ကော့ကော့ ခြယ်ပေးရပါမယ်။

မျက်တောင်အတုနဲ့ Eyeliner ထင်းထင်းလေး လိုပါတယ်

ဒီလို Makeup Look အတွက် မျက်တောင်အတုက မရှိမဖြစ်ပါပဲ။ မျက်တောင်အတု ရှည်ရှည်လေးတပ်ပေးပါ။ Eyeliner အနက်သုံးပြီး မျက်လုံးရှေ့စွန်းကနေ အပေါ်မျက်ခွံဘေးဘက်ထိ ပါးပါး ကော့ကော့လေး ထင်းနေအောင် ဆွဲပေးတာက ညို့အားပြင်းတဲ့ မျက်ဝန်းလေးကို ပိုင်ဆိုင်စေမှာပါ။

Bronzer နဲ့ Highlight ထည့်ဆိုးပေးပါ

ပါးရိုးနဲ့ မေးရိုးတွေ ထင်းနေတာက ပိုပြီး အထာကျတဲ့ မျက်နှာထား ရစေပါတယ်။ ဒီလိုပုံစံရဖို့ Bronzer သုံးပြီး ပုံဖော်ပေးပါ။ အသွားလုံးတဲ့ Brush နဲ့ နားသယ်စပ်နား၊ ပါးမို့နဲ့ မေးရိုးတွေမှာ Bronzer အညိုခြယ်ပြီး Blend လုပ်ပေးရပါမယ်။

မျက်နှာအစိတ်အပိုင်းတစ်ခုချင်း စိုစိုပြောင်ပြောင်လေး ထင်းနေအောင် Highlighter ပါ ထည့်ပေးပါနော်။ ပါးရိုး၊ မျက်ခုံးရိုးနဲ့ နှာတံတွေပေါ် နည်းနည်းချင်း ထည့်ပေးဖို့လိုပါတယ်။

ပါးနီ ဆိုးမယ်ဆိုးရင်

ပါးနီအတွက် ပန်းရောင်နု၊ လိမ္မော်နုလေးတွေ ခပ်ပြေပြေ ထည့်ပေးပါနော်။ မျက်လုံးအောက်နေရာကနေ ပါးစောင်နားထိ ဖြည့်လိမ်းပေးတာက အရောင်ပြေပြေလေး ထင်းပြီး လှနေမှာပါ။

နှုတ်ခမ်းနီအတွက်

နှုတ်ခမ်းနီကိုတော့ နှုတ်ခမ်းပြည့်ပြီး ကြီးသလိုမြင်ရအောင် ဆိုးပေးပါနော်။ အရင်ဆုံး ကိုယ့်နှုတ်ခမ်းအရောင်နဲ့ ဆင်တဲ့ Lip Liner သုံးပြီး နှုတ်ခမ်းရဲ့ အပေါ်ဖက်နည်းနည်း တိုးပြီး ဆွဲပေးလိုက်ပါ။ Blend လုပ်ပြီး အပေါ်က Nude ဖြစ်တဲ့ နှုတ်ခမ်းနီကို သိပ်သိပ်လေး ဆိုးပေးရပါမယ်။

နှုတ်ခမ်းအတွင်းသားအတွက် Tint ကာလာထင်းထင်းလေး ဆိုးပေးပါမယ်။ နှုတ်ခမ်းဖူးလေး မြင်သာအောင် အပေါ်ကနေ gloss တစ်ထပ် ထပ်ပေးလိုက်ပါ။

Photo Source: Pinterest, elle.vn

By MyStyle Myanmar