နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ အယူသည်းတဲ့ ကိစ္စလေးတွေ ရှိကြတာပါပဲ။ နည်းပညာခေတ်လို့ ဆိုကြတဲ့ ဒီခေတ်မှာတောင် တချို့အယူအစွဲတွေကို လက်ခံယုံကြည်နေကြဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ အိမ်ထဲမှာ မထားကောင်းဘူးလို့ ယူဆကြတဲ့အရာတချို့နဲ့ ဘာကြောင့်အဲ့လို ယူဆကြသလဲဆိုတဲ့အချက်တွေကို မျှဝေသွားမှာပါ။

အစိမ်းရောင်ဆေးသုတ်ခြင်း

အခန်းနံရံတွေကို အစိမ်းရောင်ဆေးသုတ်ထားခြင်းကို ဒီနေ့ခေတ်အထိ ကျိန်စာဆိုးတစ်ခုလို မြင်နေကြဆဲပါ။ ၁၈ ရာစုတုန်းက အိမ်သုတ်တဲ့ စပ်ဆေးအစိမ်းရောင်ကို ကူပရစ်ဟိုက်ဒရိုဂျင် အာဆင်းနစ်လို့ခေါ်တဲ့ ဓါတ်ပေါင်းသစ်ကနေ ထုတ်ပါတယ်။

အာဆင်းနစ်ပါလို့ စိုထိုင်းဆရှိလာချိန်မှာ အန္တရာယ်ရှိတဲ့ဓါတ်ငွေ့တွေ ထွက်လာပါတယ်။ ဒီနည်းနဲ့ အာဆင်းနစ်ဓါတ်ငွေ့နဲ့ ထိမိပြီး စက်ရုံအလုပ်သမားတချို့ ဖျားနာသေဆုံးခဲ့ကြပါတယ်။ ၁၈၂၂မှာ ဒီသုတ်ဆေးရဲ့ အန္တရာယ်အကြောင်းကို အများပြည်သူကို အသိပေးခဲ့ပါတယ်။

ကွဲနေ/ရပ်နေတဲ့ နာရီ

ဖုန်းရွှေအစီအရင်အရ အိမ်ထဲမှာ ပျက်စီးနေတဲ့ပစ္စည်းတစ်ခုခု ထားခြင်းကို သတိပေးတားမြစ်ထားပါ။ နာရီပျက်တစ်လုံးကတော့ မကောင်းတဲ့ နိမိတ်အဖြစ် ပြောပါတယ်။

အချိန်ကို ပြောနေတဲ့ ပစ္စည်းတစ်ခုခုဟာ အမြဲတမ်းအလုပ်လုပ်နေသင့်တယ်လို့ ဖုန်းရွှေပညာက ဆိုပါတယ်။ နာရီရပ်နေခြင်း မှန်ကွဲနေခြင်းဟာ မကြာခင် အိမ်မှာ လူသေဆုံးမှုဖြစ်လာနိုင်တဲ့ သင်္ကေတဖြစ်တတ်ပါတယ်။

ဆူးပါတဲ့ အိမ်တွင်းပင်

အိမ်ထဲမှာ အလှသစ်ပင်စိုက်မယ်ဆိုရင် ဆူးပါတဲ့ အပင်တွေ မထားကောင်းဘူးလို့ ဖုန်းရွှေစည်းကမ်းတွေက ဖော်ပြထားပါတယ်။ ဆူးပါတဲ့အပင်တွေ စိုက်ထားမယ်ဆိုရင် အိမ်တွင်းရေးအဆင်မပြေတာ ဖြစ်စေနိုင်တယ်လို့ ယူဆလို့ ဖြစ်ပါတယ်။

ခေါက်သိမ်းမထားတဲ့ အိပ်ရာ

အယူသည်းတဲ့လူတစ်ယောက်ဟာ သင့်အိပ်ရာ သပ်သပ်ရပ်ရပ်ခေါက်သိမ်းထားခြင်း မရှိတာကို တွေ့ရင် အိပ်ရေးပျက်တဲ့ညတွေ ကြုံရမယ်လို့ သတိပေးကြပါတယ်။ အိပ်ရာတွေ သပ်သပ်ရပ်ရပ်ခေါက်စေချင်လို့ ပြောခဲ့တာလားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်အိပ်ရာကို သန့်ရှင်းသန့်ပြန့်အောင် ထားသင့်တာ အမှန်ပါပဲ။

ဖွင့်ထားတဲ့ထီး

ရှေးကတည်းက အိမ်ထဲမှာ ထီးဖွင့်ထားခြင်းကို ကံဆိုးစေတဲ့အပြုအမူအဖြစ် လက်ခံထားကြပါတယ်။ အိမ်ထဲ ထီးဆောင်းလာခြင်းဟာ ကိုယ့်အိမ်တွင်းအစောင့်အရှောက်တွေကို စော်ကားခြင်းတစ်မျိုးအဖြစ်လည်း အယူရှိကြပါတယ်။

သေနေတဲ့အပင်တွေ

အိမ်ဆိုတာ ကောင်းမွန်တဲ့စွမ်းအင်တွေ စုစည်းသက်ဝင်နေတဲ့ နေရာဖြစ်သင့်ပါတယ်။ အိမ်ထဲမှာ ဘုရားပန်းခြောက်တွေထားတာ ၊ သေနေတဲ့ သစ်ပင်တွေ ရှိနေတာဟာ အိမ်ထဲက ကောင်းတဲ့ဓါတ်တွေ လျော့နည်းစေပြီး ပါပဓါတ်လွှမ်းမိုးစေနိုင်ပါတယ်။

ပြက္ခဒိန်ဟောင်း

နာရီပျက်တွေလိုပဲ အိမ်ထဲမှာ ပြက္ခဒိန်ဟောင်းတွေ မထားကောင်းဘူးလို့လည်း ယုံကြည်ကြပါတယ်။ ဒါလည်း ဖုန်းရွှေစည်းကမ်းချက်တစ်ခု ဖြစ်ပါတယ်။ ပြက္ခဒိန်ဟာလည်း နာရီလိုပဲ အချိန်ကိုပြတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ နှစ်ဟောင်းက ပြက္ခဒိန်ဟောင်းတွေ ထားခြင်းအားဖြင့် ကံဆိုးမိုးမှောင်ကြပြီး စီးပွားရေးဆုတ်ယုတ်ကာ အသက်ပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။