တစ်ခါတစ်လေမှာ အစားအသောက် ၊ နေထိုင်မှုပုံစံနဲ့ အသားအရေထိန်းသိမ်းမှုဆိုင်ရာ အလေ့အထ အမှားတွေကြောင့်လည်း အရွယ်မတင်ခင် အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်စေနိုင်တဲ့ အလေ့အကျင့်ဆိုးတွေအကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) မျက်လုံးတဝိုက်က အရေပြားကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခြင်း

နူးညံ့ပျော့ပျောင်းတဲ့ မျက်လုံးတဝိုက် အသားအရေကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ထိတွေ့ကိုင်တွယ်တဲ့အခါ အသားအရေ Collagen နဲ့ Elastin အမျှင်တွေကို ပြိုကွဲစေပြီး အရေပြားတင်းရင်းမှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။

ထိုအခါ မျက်လုံးတဝိုက်မှာ အရေးအကြောင်းနဲ့ အသားအရေလျော့တွဲမှု ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတဝိုက်က အရေပြားကို မလိုအပ်ပဲ ထိတွေ့ကိုင်တာမျိုး အထူးရှောင်ကြဉ်ဖို့လိုပြီး ကိုင်တွယ်တဲ့အခါမှာလည်း ဂရုတစိုက် သေချာလေး ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။

(၂) အလွန်အကျွံ မျက်နှာသစ်ခြင်း

ကိုယ့်ရဲ့ အသားအရေနဲ့ ကိုက်ညီမှုမရှိတဲ့ မျက်နှာသန့်စင်ဆေးတွေအသုံးပြုတာ ၊ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းနဲ့ မကြာခဏဆေးကြောသန့်စင်တာဟာ မျက်နှာအသားအရေကို ထိခိုက်ပျက်စီးစေပြီး အရွယ်မတိုင်မီ အရေးအကြောင်း နဲ့ အိုမင်းရင့်ရော်ခြင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) မကြာခဏ Exfoliation ပြုလုပ်ခြင်း

မျက်နှာသစ်ခြင်းကဲ့သို့ပဲ Exfoliation အလွန်အကျွံပြုလုပ်တာကလည်း အသားအရေ အစိုဓာတ်ခမ်းခြောက်ပြီး ခြောက်သွေ့ယားယံခြင်း ၊ နီမြန်းခြင်းနဲ့ အသားအရေပျက်စီးခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အသားအရေဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ ပုံမှန် တစ်ပတ်မှာ ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်ခန့်သာ Exfoliation လုပ်သင့်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ တစ်ပတ်မှာ ၂ ကြိမ် ခန့် Exfoliation လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

Exfoliation လုပ်တဲ့အခါမှာလည်း ငြင်ငြင်သာသာနဲ့ စက်ဝိုင်းပုံ ပွတ်တိုက်ဆေးကြောတဲ့နည်းကို သုံးဖို့အကြံပြုချင်ပါတယ်။

(၄) နေရောင်ကာခရင်မ် မလိမ်းခြင်း

ခရမ်းလွန်ရောင်ခြည်ဟာကျန်းမာတဲ့ အရေပြားဆဲလ်တွေကို ထိခိုက်ပျက်စီးစေတဲ့ Free Radical တွေထုတ်လွတ်ပေးတာကြောင့် အသားအရေရဲ့ Collagen နဲ့ Elastin တွေကို ယို့ယွင်းလာစေပြီး အသားအရေ လျော့တွဲခြင်း ၊ အရေးအကြောင်းဖြစ်ခြင်းစတဲ့ အိုမင်းရင့်ရော်ခြင်းဆိုင်ရာ လက္ခဏာတွေကို ဖြစ်ပေါ်လာစေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် နေရောင်အောက်ထွက်တဲ့အခါ SPF အနည်းဆုံး ၃၀ ပါဝင်တဲ့ နေရောင်ကာခရင်မ် မဖြစ်မနေလိမ်းပေးဖို့လိုသလို နေ့ဘက် အိမ်ထဲနေချိန်မှာပင် နေရောင်ကာခရင်မ် ပုံမှန်လိမ်းပေးဖို့လိုအပ်ပါတယ်။

(၅) အရွယ်တင်နုပျိုစေတဲ့ အသားအရေ ထုတ်ကုန်ပစ္စည်းများ အသုံးပြုခြင်း

Antiaging Skin Products တွေဟာ အသားအရေကို တင်းရင်းနုပျိုစေပြီး အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ အရေးအကြောင်းတွေကို ကာကွယ်ပေးတယ်လို့ ဆိုကြပါတယ်။

အသားအရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေဟာ လူတိုင်းနဲ့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါကြောင့် အရွယ်တင်နုပျိုစေတဲ့ အသားအရေ ထုတ်ကုန်ပစ္စည်းအသစ်တွေ မသုံးခင်မှာ သေချာလေ့လာမှုပြုလုပ်သင့်ပြီး ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို ရယူဖို့ လိုပါတယ်။

နောက်ပြီး စိတ်ချရတဲ့ နာမည်ရှိပြီးသား ထုတ်ကုန်တွေနဲ့ ကွာလတီကောင်းမွန်တဲ့ ပစ္စည်းတွေကို ရွေးချယ်သုံးစွဲဖို့ အကြံပြုချင်ပါတယ်။