သွားတွေကြံ့ခိုင်စေဖို့ ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ သွားဟာ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဆိုရင်လည်းမမှားပါဘူး။
သွားတွေကြံ့ခိုင်နေမှ စားချင်တဲ့အစားအစာတွေကို ဝါးပြီးစားနိုင်မှာပါ။ ဒီနေ့တော့ သွားကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အကျင့်ဆိုးတွေကို ဖော်ပြပေးသွားမှာပါ။
ရေခဲတုံး ဝါးစားခြင်း
ရေခဲတုံးဝါးစားခြင်းက သွားကိုကျိုးအက်မှုဖြစ်စေနိုင်ပြီး အကာအကွယ်ဖြစ်တဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ ချက်ချင်းမဟုတ်ရင်တောင်မှ နောက်ပိုင်းမှာကြွေလွှာနဲ့ပတ်သက်တဲ့ ပြဿနာတွေပိုဖြစ်လာနိုင်ပါတယ်။
မုန့်ထုပ်တွေ ပုလင်းအဖုံးတွေကို သွားဖြင့်ကိုက်ဖွင့်ခြင်း
အာလူးကြော်ထုပ် (သို့) မုန့်ထုပ်တွေကို သွားဖြင့် ကိုက်ဖွင့်ခြင်းက သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်ပါတယ်။ ပုလင်းအေဖုံးတွေကို ကိုက်ဖွင့်ရင်ပိုပြီးဆိုးပါတယ်။ ဒါကြောင့် ဒီလိုအကျင့်လေးတွေရှိနေရင် အမြန်ဆုံးပြင်ဖို့ အကြံပေးပါရစေ။
လက်သည်းကိုက်ခြင်း
လက်သည်းကိုက်ခြင်းက သွားကို ဆိုးရွားစွာထိခိုက်စေနိူင်ပါတယ်။ လက်သည်းကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက် မကောင်းတဲ့အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါထိခိုက်စေနိုင်ပါတယ်။
လက်သည်းမကိုက်မိအောင် သတိထားဖို့အတွက် လက်သည်းအတုတပ်ခြင်း၊ အရသာခါးတဲ့လက်သည်းဆိုးဆေးဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။
သွားကို ကြမ်းကြမ်းတမ်းတမ်းတိုက်ခြင်း
သွားပိုးစားခြင်းနဲ့ခံတွင်းနံ့ဆိုးခြင်းတို့အတွက် တစ်နေ့ကိုနှစ်ကြိမ်သွားတိုက်သင့်တာမှန်ပါတယ်။ ဒါပေမယ့် သွားတိုက်ပုံတိုက်နည်းမှန်ကန်နေဖို့ကလည်းအရေးကြီးပြန်တယ်။ သွားဆိုတာ တိုက်လေဖြူလေပဲလို့ ထင်နေရင်မှားပါတယ်။ သွားအရမ်းတိုက်လွန်းရင် ကြွေလွှာတွေပျက်စီးပြီး သွားဖုံးထိခိုက်ပြီး သွားကိုထိခိုက်လွယ်စေပါတယ်။ သွားတိုက်တဲ့အခါ သွားပွတ်တံပျော့ပျော့နဲ့ စက်ဝိုင်းပုံစံ ညင်သာစွာ တစ်နေ့နှစ်ကြိမ် တိုက်ပါ။
သွားကြားထိုးတံကို တလွဲအသုံးပြုခြင်း
သွားကြားထိုးတံတွေကို သွားကြားက အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက်ပဲ အသုံးပြုကြတာဖြစ်ပါတယ်။ သွားပဲ့ထားတဲ့ နေရာတွေကြားကို သွားကြားထိုးတံနဲ့ ထိုးကလော်တာမျိုးကလည်း ပြဿနာရှိပါတယ်။ ခဏခဏလုပ်ရင် သွားတွေကို ယိုင်စေပြီး သွားကျဲစေနိုင်ပါတယ်။ ဒါ့ကြောင့်သွားကြားထိုးတံကို အသုံးပြုတဲ့နေရာမှန်ကန်ဖို့ ဂရုစိုက်ပါ။