ဝတ်ထားတဲ့အင်္ကျီလေးများ အထာကျနေတဲ့နေ့ဆို လူကလေပေါ်ကိုမြောက်ပြီး ဘယ်သူနဲ့စကားပြောပြော အဆင်ကိုပြေနေတာပါပဲ။ ယုံကြည်ချက်လည်း ပိုရှိတာပေါ့လေ။ အဲ … ဝတ်ထားတဲ့ဝတ်စုံက ကြည့်ရတစ်မျိုးကြီး ဖြစ်နေတယ်။ နေရထိုင်ရမသက်သာဘူးဆိုရင်တော့ အဲဒီနေ့က စာရေးသူအတွက်ပြဿဒါးပါပဲ။

စဉ်းစားကြည့်လေ … ငွေကုန်ကြေးကျခံပြီး ဝယ်ထားတဲ့အင်္ကျီ၊ တစ်နေ့လုံး ကိုယ်နဲ့မကွာကပ်ထားရတဲ့အရာကမှ ကိုယ်နဲ့ အဆင်မပြေနေဘူးဆိုရင် တခြားဘယ်အရာကများ ပျော်ရွှင်မှုတွေသယ်ဆောင်ပေးလာနိုင်ဦးမှာလဲနော်။ ဖက်ရှင်ချစ်သူတွေလည်း ဒီခံစားချက်ကိုနားလည်လောက်မယ်ထင်ပါတယ်။

၁။ အကွက်ကြီးကြီးတွေ

အကွက်ကြီးကြီးတွေက တကယ်ကြည့်လို့လှပါတယ်။ စတိုင်လည်းကျကြပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ဗြောင်နဲ့ တွဲဝတ်မယ်ဆိုရင်တော့ ဒီဇိုင်းသေးသေးနဲ့ ပို fitting ဖြစ်တာမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ အကွက်ကလည်းကြီး၊ ဒီဇိုင်းကလည်း ဖားနေမယ်ဆို ကြည့်ရဆိုးသွားပါလိမ့်မယ်။

၂။ ဒေါင်လိုက်အင်္ကျီတွေ

Stocking နဲ့တွဲဝတ်ရတဲ့ ဒေါင်လိုက်အင်္ကျီလေးတွေ ခေတ်စားတဲ့အချိန်ကို မှတ်မိလောက်ဦးမယ်ထင်ပါတယ်။ စာရေးသူရဲ့မျက်လုံးထဲမှာတော့ အဲဒီဒီဇိုင်းက ဘယ်သူနဲ့မှ ကြည့်လို့မလှတာပါ။ သေးတဲ့လူကလည်း သေးလွန်းလို့ ခန္တာကိုယ်ပျောက်နေပါတယ်ဆိုကာမှ အဲဒါကြီးဝတ်လိုက်တော့ ကောက်ကြောင်းဆိုတာ ဘယ်မှာရှာရမှန်းတောင် မသိတော့ပါဘူး။ ဝတဲ့သူတွေအတွက်ဆိုလည်း ဒီအင်္ကျီက ပိုဝတယ်လိုထင်ရရုံကလွဲပြီး ဘာမှမကောင်းပါဘူး။

၃။ အရမ်းဒီဇိုင်းရှပ်တာတွေ

အတောမသတ်နိုင်တဲ့ အဖတ်၊ အဖတ်တွေ၊ ပန်းပွင့်ပုံတွေနဲ့ အတွန့်အခေါက်တွေက သင့်ဖက်ရှင်ကိုအမြင်ရိုင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်ရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျတာမျိုးကိုသာ ရွေးဝတ်ပါ။

၄။ အရောင်ရင့်တာ

အစင်းကြောင်းပါတဲ့ အဝတ်အစားတွေမှာဆို အရောင်ရင့်တာက သင့်ကိုပိုပြီးဝတယ်လို့ ထင်ရစေပါတယ်။ ပိန်တဲ့သူတွေအတွက်က ကိစ္စမရှိပေမဲ့ ဝတဲ့သူဆို အလျားလိုက်အစင်းတွေကိုမဝတ်သင့်သလို အစင်းပါတဲ့အဝတ်အစားမှာမှ အရောင်ရင့်တာတွေဆို ရှောင်သင့်ပါတယ်။

၅။ လည်ပင်းပိတ်အင်္ကျီတွေ

မျက်နှာကြီးပြီး မျက်နှာလေးထောင့်ကျတဲ့ အမျိုးသမီးတွေဟာ လည်ပင်းပိတ်အင်္ကျီတွေ၊ ရင်ဘတ်မပေါ်တဲ့အင်္ကျီတွေဆို ရှောင်သင့်ပါတယ်။ Vshape အင်္ကျီတွေနဲ့ လည်ဝိုက်အင်္ကျီယှဉ်ဝတ်ကြည့်ရင်တောင် ဘယ်ဟာကသင့်ကိုပိုပြီး ကြည့်ရကောင်းစေလဲဆိုတာ သင်ကိုယ်တိုင်သိရပါလိမ့်မယ်။

Source: BRIGHTSIDE