သင်က လက်ရှိအချိန်မှာ ဘိုင်ပြတ်နေလို့ စိတ်ညစ်နေသူလား။ မိသားစုအတွက် သုံးလိုက်ရတာ၊ တစ်လအတွင်း ဝယ်စရာတွေများသွားတာ၊ ကုန်ကျစရိတ်တွေ ဈေးတက်တာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပိုက်ဆံပြတ်တတ်ကြပါတယ်။ ငွေက သင့်ခံစားချက်တွေကို စိုးမိုးနေတယ်ဆိုတာက တကယ်တော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ သင့်ပျော်ရွှင်မှုက သပ်သပ်၊ ပိုက်ဆံက သပ်သပ် ဖြစ်သင့်ပါတယ်။ သင်က ပိုက်ဆံမရှိတဲ့ အချိန်မှာတောင် စိတ်ကို ပေါ့ပေါ့ပါးပါး နေကြည့်ဖို့ လေ့ကျင့်သင့်ပါတယ်။ ရှေ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲ မသိနိုင်တာမို့ ပိုလေ့ကျင့်ထားဖို့ လိုပါသေးတယ်။ ပိုက်ဆံက အရေးကြီးတာမှန်ပေမယ့် ဒီထက် ပိုအရေးကြီးတာတွေ ရှိသေးတာကိုလည်း သင်သိပြီး ဖြစ်မှာပါ။

ဒီတော့ ငွေမရှိလည်း ပျော်ပျော်နေနိုင်စေမယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်မှာရှိတဲ့ အရာကို ရှာဖွေပါ

ပိုက်ဆံမရှိလည်း ပျော်ပျော်နေနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ ကိုယ့်မှာရှိတဲ့ အရာတွေကို ပြန်စဉ်းစားတာပါ။ သင်က အခု အိမ်ခြေယာမဲ့လူတစ်ဦးလား၊ တစ်နေ့ ထမင်း သုံးနပ် စားနိုင်သေးသူလား စတဲ့ မေးခွန်းတွေကို မေးကြည့်နိုင်ပါတယ်။ သေချာတာကတော့ သင်က ဒီအကြောင်းအရာကို ဖတ်နေနိုင်သေးတယ်ဆိုရင် အဲ့လောက်ထိ အဆင်မပြေဖြစ်နေမှာ မဟုတ်ပါဘူး။ အိမ်မှာ ထိုင်နေရင်း ဖုန်းသုံးလို့ ရနေသေးတယ်ဆိုရင်တော့ သင့်မှာ ပိုင်ဆိုင်တဲ့ အရာတွေ ရှိနေဦးမှာပါ။ ဒီအရာတွေဘက်ကို အာရုံပြောင်းသင့်ပါတယ်။ ဒီလိုဆိုရင် သင်စိတ်ချမ်းသာလာပါလိမ့်မယ်။

၂။ အကုန်အကျမများတဲ့ စိတ်သက်သာရာ ရစရာ ကိစ္စတွေကို လုပ်နိုင်ပါသေးတယ်

ပိုက်ဆံသုံးစရာ မလိုဘဲ လုပ်လို့ရတဲ့ ကိစ္စတွေ ရှိဦးမှာပါ။ ခဏတဖြုတ် စက်ဘီးစီးတာ၊ အိမ်နောက်ဖေးမှာ ထိုင်ရင်း အပန်းဖြေတာ၊ စာအုပ်ဖတ်တာ စတာတွေကို လုပ်လို့ရပါသေးတယ်။

၃။ ဘေလ်ဆောင်ရဖို့ ကိစ္စတွေအတွက် သိပ်မစိုးရိမ်ပါနဲ့

ခက်ခဲတဲ့အချိန်တွေမှာတောင် ပျော်ပျော်နေတတ်တာက လူတစ်ယောက်မှာ ရှိထားသင့်တဲ့ Mindset တစ်ခုပါ။ သင်က လက်ရှိမှာ ဘေလ်ဆောင်ဖို့၊ ဖုန်းဘေလ်ထည့်ဖို့ ငွေမရှိရင်တောင် ဒါက သင့်ဘဝတစ်ခုလုံးကို စိတ်ညစ်သွားအောင် လုပ်တာမျိုး မဖြစ်သင့်ပါဘူး။

၄။ ရယ်မောပါ

များများရယ်ပြီး နည်းနည်းပဲ စိုးရိမ်တတ်တဲ့ အကျင့်ကို မွေးမြူသင့်ပါတယ်။ ဒီအကျင့်က သင့်စိတ်အတွက် ဆေးစွမ်းကောင်းတစ်လက် ဖြစ်မှာပါ။ ပုံပန်းသဏ္ဌာန်နဲ့ ငွေကြေးက သင့်ကို အဓိပ္ပာယ် မသတ်မှတ်နိုင်ပါဘူး။ နေတတ်မယ်ဆိုရင် သင်က ငွေသန်းပေါင်းများစွာ ချမ်းသာတဲ့ သူဌေးတွေထက်တောင် ပိုပျော်ရွှင်နိုင်ပါသေးတယ်။ ဘယ်လိုပျော်ပျော်နေနိုင်မလဲ သင်ယူဖို့ပဲ လိုတာပါ။

Photo Source: Pinterest

By MyStyle Myanmar