အပြောင်းအလဲများတဲ့ လောကကြီးမှာ မိတ်ဆွေအစစ်အမှန်ဆိုတာ ရှားပါးသွားပါပြီ။ ဒါကြောင့် သင့်အနေနဲ့ တစ်ယောက်တည်း ဖြစ်လည်း ပျော်ပျော်ရွှင်ရွှင် နေတတ်ဖို့ လေ့ကျင့် ထားသင့်ပါတယ်။ တစ်ခါတလေ တစ်ယောက်တည်း အချိန်ကုန်ဆုံးကြည့်မှ ဘယ်သူက ကိုယ့်ကို တန်ဖိုးထားလဲ ပိုသိနိုင်ပါတယ်။ သင့်အနေနဲ့ အပေါင်းအသင်း သိပ်မရှိလို့ဘဲ ဖြစ်ဖြစ်၊ တစ်ယောက်တည်း ပျော်ပျော်နေနည်း သိချင်လို့ပဲဖြစ်ဖြစ် အောက်ဖော်ပြပါ နည်းလမ်းတွေကို လုပ်နိုင်ပါတယ်။
၁။ သင့်ကိုယ်သင် ယုံကြည်မှုကို မြှင့်တင်ပါ
သင့်ကိုယ်သင် ယုံကြည်မှု မြှင့်တင်ဖို့ သင့်ကိုယ်သင် ပြောတဲ့ စကားတွေကို သတိထား ကြည့်သင့်ပါတယ်။ တစ်နေ့တာမှာ ငါတော်တယ်၊ ငါလုပ်နိုင်တယ်၊ ငါဖြတ်ကျော်နိုင်တယ်ဆိုတဲ့ စကားတွေကို ပုံမှန်ပြောပေးသင့်ပါတယ်။
၂။ သင့်ကိုယ်သင် ဆုပေးပါ
သင်က တစ်ခုခု အောင်မြင်ရင် သင့်ကိုယ်သင် ဆုချသင့်ပါတယ်။ ဥပမာ သင်က တစ်နေ့ နာရီဝက် တစ်လ ပြေးမယ်ဆိုတဲ့ ပန်းတိုင်အောင်မြင်ရင် အင်္ကျီအသစ် တစ်ထည် ဝယ်မယ် ဆိုတာမျိုးပါ။
၃။ တစ်ယောက်တည်း နေကြည့်ပါ
တစ်ယောက်တည်း ဈေးဝယ်ထွက်တာ၊ အိမ်မှာနေတာ၊ တစ်နေရာရာ တစ်ယောက်တည်း သွားတာ စတာတွေကို လုပ်ကြည့်သင့်ပါတယ်။ ဒီလို တစ်ယောက်တည်း လုပ်ကြည့်ရင်းနဲ့ ဘယ်အရာက သင့်ကို ပျော်ရွှင်စေလဲ သိလာနိုင်ပါတယ်။
၄။ အဆိုးမြင်စိတ်ကို လျှော့ပါ
သင့်မိတ်ဆွေ တစ်ယောက်က သင့်အနားမှာ အဆိုးမြင်စကားတွေကို လာပြောမယ်ဆိုရင် သင်ပါ စိတ်မချမ်းသာ၊ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒီသဘောတရားလိုပဲ သင့်ကိုယ်သင်လည်း အဆိုးမြင်စကားတွေ မပြောသင့်ပါဘူး။ အထူးသဖြင့် “ငါ့မှာ သူငယ်ချင်းမရှိဘူး” ဆိုတဲ့ စကားမျိုးပါ။
၅။ ကိုယ့်အကြံကိုယ် လေးစားပါ
သင်က တစ်နေရာရာမှာ ဆုံးဖြတ်ချက် ချဖို့ တခြားသူရဲ့ အကူအညီ တောင်းစရာ မလိုပါဘူး။ ပြဿနာရဲ့ အဖြေကို သေချာ စာရင်းချ မှတ်သားပြီး သင့်ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်သင့်ပါတယ်။
၆။ ကိုယ်ပိုင် သီချင်း Playlist တစ်ခုထားပါ
အပေါင်းအသင်း သိပ်မရှိတာကြောင့် သူတို့ ကြိုက်တဲ့ သီချင်းတွေကို ကိုယ်က နားထောင်ပေးစရာမလိုပါဘူး။ သင်တစ်ယောက်တည်း သင်ကြိုက်တဲ့ သီချင်းတွေကို ရှာဖွေပြီး Playlist တစ်ခု လုပ်နိုင်ပါတယ်။ အထီးကျန်လာတိုင်း ဒီ Playlist ကို နားထောင်နိုင်ပါတယ်။
၇။ သင်ပျော်တဲ့ နေရာကိုသွားပါ
ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတဲ့ သင့်အတွက် အချိန်လိုပါတယ်။ သင်သီးသန့်နေနိုင်မယ့် နေရာတစ်ခု လိုပါတယ်။ ဒါကြောင့် သင့်ကို ပျော်ရွှင်မှု ပေးနိုင်တဲ့ သီးသန့် နေရာလေးတစ်ခုကို ရှာထားသင့်ပါတယ်။
၈။ Spa သွားပါ
အပေါင်းအသင်းရှိမှ Spa သွားလို့ရတာ မဟုတ်ပါဘူး။ သင်တစ်ယောက်တည်း Spa သွားနိုင်သလို၊ တစ်ယောက်တည်း အနှိပ်ခံနိုင်ပါတယ်။
၉။ သင့်ပုံစံနဲ့ သင့်နေရာမှာ နေပါ
သင်က တစ်ခုခု ဖြစ်တိုင်း နောက်က လိုက်ပေးမယ့် အဖော်သူငယ်ချင်း လိုအပ်သူဆိုရင် ဒါကို ပြင်သင့်ပါတယ်။ သင့်စိတ်သင် ယုံကြည်ပြီး သင့်နေရာ၊ သင့်ကိုယ်ပိုင် ကမ္ဘာမှာပဲ မားမားမတ်မတ် ရပ်တည်သင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar