ဆံနွယ်လေးတွေ ရှည်ဖို့နဲ့ ဆံပင်တွေ သန်စွမ်းဖို့အတွက် ဘယ်လိုအချက်တွေကို သတိထားပြီးရှောင်ရမယ်လို့ ထင်ပါသလဲ။ ဒီတခါ စာဖတ်သူတို့ရဲ့ ဆံကေသာ ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှ နည်းသွားအောင် ဘယ်လိုအချက်တွေ ရှောင်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။
၁။ မှန်ကန်တဲ့ ခေါင်းလျှော်ရည် မသုံးခြင်း
သင့်ခေါင်းလျှော်ရည်က သင့်ဆံကေသာ၊ ဦးရေပြားနဲ့ကိုက်ညီတာ ဖြစ်ဖို့လိုပါတယ်။ ဓာတုပစ္စည်းပါဝင်မှု နည်းတာသုံးပါ။ ပါဝင်ပစ္စည်းတွေ သေချာဖတ်ပါ။
၂။ ခေါင်းအလွန်အကျွံလျှော်ခြင်း (သို့) ခေါင်းသိပ်မလျှော်ခြင်း
ခေါင်းကို အနေတော်လောက်ပဲ လျှော်သင့်ပါတယ်။ ပြောင်သင့်သလောက်ပြောင်အောင် အချိန်ယူသင့်သလို အရမ်းအကြာကြီး လျှော်ရင်လည်း မကောင်းပါဘူး။
၃။ ဆံကေသာကို Moisturize မလုပ်ခြင်း
ဆံကေသာ ထိခိုက်ပျက်စီးနေတာကို Moisturize မလုပ်ဘူးဆိုရင် ဆံကေသာ ပိုလို့ပျက်စီးစေပါတယ်။ သဘာဝနည်းလမ်းနဲ့ ဆံပင်ကို ပေါင်းတင်ပေးသင့်ပါတယ်။
၄။ ရေပူပူနဲ့ခေါင်းလျှော်ခြင်း
ရေပူပူနဲ့ခေါင်းလျှော်တာဟာ ဆံကေသာကို ခြောက်သွေ့ ကြမ်းတမ်းစေသလို ဆံပင် ကျိုးကြေစေပါတယ်။
၅။ တဘက်နဲ့ ပေါင်းခြင်း
ဆံပင်ကို တဘက်နဲ့ပေါင်းပြီး အခြောက်ခံတာမျိုးမလုပ်သင့်ပါဘူး။ တဘက်နဲ့ ခပ်ဖွဖွလေးပဲ သုတ်ပေးသင့်ပါတယ်။
၆။ မကြာခဏ ဆံပင်ပုံသွင်းခြင်း
ဆံပင်ကို မကြာခဏ အပူပေးစက်နဲ့ ပုံသွင်းတာဟာလည်း ဆံကေသာကို ခြောက်သွေ့ ကြမ်းတမ်းစေသလို ပိုလို့ပျက်စီးစေပါတယ်။
၇။ ဆံပင်ကို ခပ်ကြမ်းကြမ်းဖြီးခြင်း
ဆံပင်ကို ခပ်ကြမ်းကြမ်းဖြီးတာဟာ ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ကို တစ်နေ့ ၂ ကြိမ်လောက်ဖြီးရင်လုံလောက်ပါပြီ။ ပြီးရင် ခပ်ဖွဖွလေးပဲဖြီးပါ။