မိန်းကလေးတိုင်းကတော့ ကျန်းမာလှပပြီး ပိုးသားလေးလို နူးညံ့တောက်ပြောင်တဲ့ဆံကေသာလေးကိုသာ ပိုင်ဆိုင်ချင်ကြတာပါပဲ့။ ပျော့ပျောင်းနူးညံ့တဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့အတွက် ဆံပင်ကို အထူးဂရုစိုက်ပြီးထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်သလို အစားအသောက်ဆင်ခြင်ဖို့လည်း အဓိကကျပါတယ်နော်။ ဒါ့အပြင် ဆံကေသာကျန်းမာရေးကို ထိခိုက်စေတဲ့ ဒီလိုအပြုအမူမျိုးတွေကိုလည်း ရှောင်ကြဉ်ပေးဖို့ လိုအပ်ပါသေးတယ်နော်။

ဆံပင်ညှပ်ဖို့ အကြာကြီး စောင့်ဆိုင်းခြင်း

ဆံပင်အဖျားနှစ်ခွဖြစ်တာတို့ ဆံပင်အဖျားဖွာနေတာတို့ ပုံမကျပန်းမကျဖြစ်နေပြီဆိုရင် ဆံပင်ကျွမ်းကျင်ပညာရှင်နဲ့ အမြန်ဆုံးတွေ့ဆုံပြီး ဆံပင်မြန်မြန်ညှပ်ပြီး ပုံပြောင်းဖို့လိုအပ်နေပါပြီ။

ဆံပင်စိုနေတဲ့အချိန် ဘီးဖြီးခြင်း

ဆံကေသာစိုစွတ်နေတဲ့အချိန်က ဆံပင်အားနည်းနေတဲ့အချိန်ပဲဖြစ်ပါတယ်။ ဘီးမဖြီးခင် ဆံပင်ပုံမသွင်းခင်မှာ အရင်ဆုံးခြောက်အောင် ပြုလုပ်ပါ။ အပူဒဏ်ခံနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ ဆံပင်အားဖြည့်ထုတ်ကုန်များကိုလည်း အသုံးပြုပေးပါ။

မိမိဘာသာဆံပင်အရောင်ဆိုးခြင်း

ဆံပင်ဆိုးချင်တယ်ဆိုရင်တော့ မိမိဘာသာဆိုးတာထက် ဆိုင်မှာသွားဆိုးတာကတော့ အကောင်းဆုံးပါပဲ။

နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း

နေရောင်ခြည်ဒဏ်က အသားအရေကိုပျက်စီးစေရုံမက ဆံကေသာကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ သင့်ဆံကေသာက အရောင်မွဲခြောက်ခြောက်ဖြစ်နေတာတို့ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံကေသာခြောက်သွေ့ရခြင်းရဲ့ အဓိကတရားခံကတော့ ခရမ်းလွန်ရောင်ခြည်ပါပဲ။ ဒါ့ကြောင့် နေပူထဲထွက်တိုင်း ထီးတို့ ဦးထုပ်တို့ ဆောင်းဖို့ မမေ့ပါနဲ့။

ညစ်ပတ်သော ဘီးဖြီးခြင်း

ခေါင်းဖြီးလိုက်တဲ့အခါ သေဆုံးသွားတဲ့ အရေပြားအမှုန်အမွှားတွေက ခေါင်းဘီးပေါ်မှာ စုပုံကပ်ငြိသွားပါတယ်။ ခေါင်းဘီးကို ပုံမှန်မဆေးကြောတဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေ ပျော်မွေ့ရာနေရာဖြစ်လာပါတော့တယ်။ ဒါ့ကြောင့် ခေါင်းမဖြီးခင် ဘီးကသန့်ရှင်းရဲ့လားဆိုတာ သေချာစစ်ဆေးပါ။

ဆံပင်မကြာခဏဖြီးခြင်း

ဆံပင်ကို ခဏခဏဖြီးပြီး ဖြီးတဲ့အခါမှာလည်း အရင်းကနေဖီးနေတဲ့အခါ ဆံပင်အမြစ်တွေကို အားနည်းစေပြီး ဆံပင်အများကြီးကျွတ်စေပါတယ်။

ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းထားခြင်း

ဆံပင်ကို အမြဲတမ်းမစည်းထားဘဲ ရံဖန်ရံခါ သဘာဝအတိုင်းပဲ ချထားပေးပါ။ ဆံပင်တင်းတင်းကြပ်ကြပ် စည်းနှောင်ထားခြင်းက ဆံပင်တွေကို အမြစ်ကနေ ဆွဲဆန့်ထားတာကြောင့် ဆံပင်ပျက်စီးစေပါတယ်။

ဆံပင်မကြာခဏလျှော်ခြင်း


ဆံပင်ကို နေ့တိုင်းလျှော်တဲ့အခါ ဦးရေပြားပေါ်က သဘာဝအဆီတွေ ခမ်းခြောက်သွားပါလိမ့်မယ်။ အထူးသဖြင့် ရေနွေးပူနဲ့ လျှော်တဲ့အခါ ပိုဆိုးပါတယ်။

ဆံပင်ပျော့ဆေး၊ ပေါင်းဆေးများ မသုံးဘဲ ခေါင်းလျှော်ရည် တစ်မျိုးတည်းသာအသုံးပြုခြင်း

ဆံပင်အတွက် ထုတ်ကုန်အမျိုးမျိုးက သီးသန့်ရည်ရွယ်ချက်တစ်ခုစီနဲ့ ထုတ်လုပ်ထားတာပါ။ ခေါင်းလျှော်ရည်က ဆံပင်ကို သန့်ရှင်းနေအောင်ပြုလုပ်ပေးပြီး ဆံပင်ပျော့ဆေးကတော့ ဆံပင်ကို အစိုဓာတ်ဖြည့်ပေးပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ရည်သုံးပြီးတိုင်း Conditioner သုံးဖို့လည်း မမေ့ပါနဲ့။

Source: Brightside.me