တချို့က ကိုယ့်အသိမိတ်ဆွေတွေနဲ့တွေ့ပြီဆိုရင် နှုတ်ဆက်စကားပြောပြီးတာနဲ့ ပြောသင့်တဲ့စကားလား မပြောသင့် မမေးသင့်တဲ့စကားတွေလားဆိုတာကို မစဉ်းစား မဆင်ခြင်ပဲ့နဲ့ ဒရက်ဆက်မေးတတ်တဲ့ အကျင့်ရှိတတ်ကြပါတယ်။ အဲ့ဒီစကားလုံးတွေက တဖက်သားအပေါ် ရိုင်းပြဆက်ဆံလိုက်တာမျိုး၊ လူမှုရေးနားလည်မှုမရှိတဲ့သူမျိုးလို့ သတ်မှတ်ခြင်းခံရနိုင်ပါတယ်။ တစ်ဖက်လူအတွက်လည်း မကောင်းသလို၊ ကိုယ့်အတွက်လည်း မကောင်းတဲ့အတွက် ဒီလိုစကားလုံးတွေကို မပြောမိအောင် အတတ်နိုင်ဆုံးဆင်ခြင်ကြရအောင်…

Body Shamingဖြစ်စေတဲ့ စကားတွေ

လူတော်တော်များများက တွေ့တာနဲ့ ဟယ် နင်ပိန်သွားလိုက်တာ၊ ဝလာလိုက်တာ၊ အသားတွေမဲလာလိုက်တာ၊ ရုပ်ကလည်း ဘယ်လိုဖြစ်သွားတာလဲ၊ ရုပ်ရင့်သွားလိုက်တာ၊ မျက်နှာမှာလည်း ဝက်ခြံတွေနဲ့ စသဖြင့် Body Shaming ဖြစ်စေတဲ့စကားတွေကို ကိုယ်ကတော့ ဘာရယ်မဟုတ်ပဲပြောလိုက်ပေမယ့် တစ်ဖက်လူအတွက်တော့ စိတ်ထိခိုက်သွားနိုင်ပါတယ်။ တချို့ကျတော့လည်း စတွေ့တာနဲ့ ဒီလိုပြောတာမျိုးကို ရိုင်းတယ်လို့ သတ်မှတ်ကြတယ်။ ဒီလိုပြောတာကိုလည်း ကြိုက်တဲ့သူမရှိပါဘူး။

မမေးသင့်တဲ့အတွင်းရေးကိစ္စတွေ

တစ်ဖက်လူရဲ့အတွင်းရေးကိစ္စတွေကို သူမပြောရင် မမေးတာ အကောင်းဆုံးပါပဲ။ တချို့ကျတော့လည်း အခုမှပြန်တွေ့ကြတဲ့အခါ၊ အသိမိတ်ဆွေနဲ့ ရုတ်တရက် လမ်းမှာ တွေ့တဲ့အခါ နင်အခုဘယ်သူနဲ့တွဲနေလဲ၊ အရင်တစ်ယောက်က ဘာဖြစ်သွားလို့လဲ၊ အခုတစ်ယောက်ကကော ဘာလုပ်တာလဲစတဲ့ သူများအတွင်းရေးကိစ္စတွေကို လိုက်မေးတာက ရိုင်းစိုင်းတဲ့အပြုအမူတစ်ခုလို့လည်းပြောလို့ရသလို လူမှုရေးမသိတတ်တာလို့လည်း ပြောလို့ရပါတယ်။

ပိုက်ဆံကိစ္စ

အခုမှစတွေ့တာကို နှုတ်ဆက်စကားပြောပြီးတာနဲ့ ဘယ်မှာလုပ်နေလဲ မေးတာက ကိစ္စမရှိပေမယ့် လစာဘယ်လောက်ရလဲ၊ တစ်လဝင်ငွေဘယ်လောက်ရှိလဲ စသဖြင့် ပိုက်ဆံကိစ္စနဲ့ပတ်သက်တာတွေကို မမေးသင့်ပါဘူး။ တချို့ကျတော့လည်း အရမ်းစပ်စုပြီး မေးတာမျိုးတွေရှိတယ်။ ဒီလိုအခုမှတွေ့တာကို ပိုက်ဆံကိစ္စတွေမေးတာပြောတာမျိုးက အရမ်းရိုင်းပါတယ်။