ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းခြင်း၊ ကျိုးကျေပျက်စီးခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်းတို့ကြောင့် စိတ်ညစ်နေပြီလား။ ခေါင်းလျှော်တိုင်းမှာလည်း ဆံပင်ပျော့ဆေးနဲ့ ပေါင်းဆေးတွေ ဘယ်လောက်ပဲ သုံးပေမယ့်လည်း ဆံပင်က ကြမ်းတမ်းမြဲ ပျက်စီးဆဲပဲဆိုရင်တော့ ဗီတာမင်အီးဓာတ်ကြွယ်ဝတဲ့ ထောပတ်သီးကိုသာ သတိရလိုက်ပါ။

ထောပတ်သီးဖြင့် ဆံပင်ပေါင်းတင်ခြင်းက ဆံကေသာနှင့် ဦးရေပြားကို အားဖြည့်ပေးပြီး ဆံကေသာကို ကျန်းမာသန်စွမ်းလှပစေပါတယ်။ ဒါ့အပြင် ဆံကေသာအရှည်မြန်အောင်လည်း ကူညီပေးပါသေးတယ်။

ပိုးသားလေးလိုနူးညံ့တဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ထောပတ်သီးနဲ့ ဘယ်လိုပေါင်းတင်ရမလဲဆိုရင်…

နည်းလမ်း (၁)

ထောပတ်သီးမှည့်တစ်လုံးကို အနှစ်များရအောင် ချေပေးလိုက်ပါ။ ထိုထောပတ်သီးပန်းကန်ထဲသို့ အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ရရှိလာတဲ့ အနှစ်ကို ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ လိမ်းကျံပေးလိုက်ပါ။ ဆံပင်ရဲ့အဖျားပိုင်းက ပိုမိုကြမ်းတမ်းတဲ့အတွက်ကြောင့် ထိုအပိုင်းကို ဦးစားပေးပြီး လိမ်းကျံပေးလိုက်ပါ။

ထို့နောက် ဆံကေသာကို Shower Cap ဖြင့် မိနစ် ၃၀ ခန့် အုပ်ထားပေးလိုက်ပါ။ မိနစ် ၃၀ ပြည့်ပါက ရေအေးဖြင့် ဆေးချပြီး မိမိအသုံးပြုနေကျ ခေါင်းလျှော်ရည်၊ Conditioner တို့ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။ ထို့နောက် တဘက်အသုံးပြုပြီး ဆံပင်ကို ခြောက်အောင် သုတ်ပးလိုက်ပါ။ ဆံကေသာကြမ်းတဲ့သူများအနေနဲ့ ဆံပင်လေမှုတ်စက်အသုံးမပြုတာက အကောင်းဆုံးပဲဖြစ်ပါတယ်။

ဒီနည်းလမ်းကိုတော့ တစ်ပတ် တစ်ကြိမ် အသုံးပြုပေးရပါမယ်။

နည်းလမ်း (၂)

ပန်းကန်လုံးတစ်လုံးထဲတွင် ထောပတ်သီးမှည့် တစ်လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရှားစောင်းလက်ပတ်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

ရရှိလာတဲ့အနှစ်ကို ဆံကေသာနဲ့ ဦးရေပြားပေါ်မှာ လိမ်းကျံပေးလိုက်ပါ။ ထို့နောက် Shower Cap ဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အုပ်ထားပေးလိုက်ပါ။ အချိန်ပြည့်သွားပါက မိမိအသုံးပြုနေကျ ခေါင်းလျှော်ရည်၊ Conditioner တို့အသုံးပြုကာ ရေအေးဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။ ထို့နောက် တဘက်ဖြင့် ခပ်ဖွဖွလေး ခြောက်အောင် သုတ်ပေးလိုက်ပါ။

ဒီနည်းလမ်းကိုတော့ နှစ်ပတ် တစ်ကြိမ် အသုံးပြုပေးရပါမယ်။

နည်းလမ်း (၃)

မိရောနိစ် ၂၂၀ ဂရမ်ကို ထောပတ်သီးမှည့် တစ်ခြမ်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံကေသာနှင့် ဦးရေပြားပေါ်တွင် သုတ်လိမ်းပေးလိုကပါ။ Shower Cap ဖြင့် မိနစ် ၂၀ ခန့် အုပ်ထားပေးလိုက်ပါ။

အချိန်ပြည့်ပါက ခေါင်းလျှော်ရည်၊ Conditioner တို့ကို အသုံးပြုကာ ရေအေးဖြင့် လျှော်ချလိုက်ပါ။ ထို့နောက် တဘက်ဖြင့် ခပ်ဖွဖွလေး ခြောက်အောင် သုတ်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် အသုံးပြုပေးရပါမယ်။

Source: Stylecraze.com

By MyStyle Myanmar