Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် အရာရာကို control လုပ်ပြီး ထိန်းချုပ်နေရင် ရေရှည်မှာအဆင်မပြေပါဘူး။ ခဏခဏရန်ဖြစ်စကားများရပြီး ချုပ်ချယ်ခံရတယ်၊ လွတ်လပ်မှုမရှိဘူး၊ မွန်းကြပ်လာတယ်ဆိုတဲ့ ခံစားမှုမျိုးတွေ ရလာပါလိမ့်မယ်။ တစ်ခါတစ်လေကျရင်လည်း ကိုယ်တိုင်က ဘာလုပ်နေမိလဲဆိုတာကိုတောင် မသိလိုက်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကို ထိန်းချုပ်ချင်စိတ်တွေ များနေလားဆိုတာကို ဒီအချက်တွေနဲ့တိုက်ကြည့်ပြီး သိနိုင်ပါတယ်။

ဖုန်းကိုခဏခဏယူစစ်ခြင်း

ကိုယ့်ချစ်သူရဲ့ဖုန်းကို တစ်ခါတစ်လေမဟုတ်ပဲ တွေ့တိုင်း ခဏခဏယူစစ်နေမိတာမျိုးပါ။ ဖောက်ပြန်နေတာမဟုတ်လည်း သေးသေးလေးတွေကအစ လိုက်ပြဿနာရှာပြီး ချုပ်ချယ်တာ၊ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ဖုန်းသုံးခိုင်းတာ၊ စည်းကမ်းချက်တွေပြောနေတာက တကယ့်ကို control လုပ်နေတာပါပဲ။

သူ့ဘဝကိုဝင်ရောက်စွက်ဖက်ခြင်း

ဟိုဟာလုပ်လည်းလိုက်ပိတ်ပင်၊ မကြိုက်ဘူးမလုပ်နဲ့ ဒါပဲလုပ်ဆိုတာမျိုးတွေ ပြောဆိုနေတာက တခြားသူရဲ့ဘဝကို ဝင်ရောက်စွက်ဖက်ပြီး ကိုယ့်စိတ်တိုင်းကျ control လုပ်ချင်နေတာပါပဲ။ ဒီလိုလုပ်တာတွေက ကြာလာရင်လုံးဝအဆင်မပြေပါဘူး။

သူ့သူငယ်ချင်းတွေကြားဝင်စွက်ဖက်ခြင်း

ကိုယ့်ချစ်သူကို control လုပ်ပြီး ထိန်းချုပ်ချင်တဲ့သူတွေက သူ့သူငယ်ချင်းတွေကြားမှာလည်း ဝင်ရောက်စွက်ဖက်တတ်ကြပါတယ်။ ဘယ်လောက်ခင်နေတဲ့ သူငယ်ချင်းဖြစ်နေပါစေ မသွားနဲ့၊ မလာနဲ့၊ မပေါင်းနဲ့၊ စကားမပြောနဲ့ စသဖြင့် လိုက်ပြောနေတာတွေက ကြာလာရင် တစ်ဖက်လူစိတ်ပျက်သွားပါလိမ့်မယ်။

သင်လိုချင်တဲ့အတိုင်းဖြစ်မလာရင်စိတ်ဆိုးခြင်း

သူများကို ကိုယ့်စိတ်တိုင်းကျ control လုပ်ချင်တဲ့သူတွေက သူတို့စိတ်တိုင်းကျဖြစ်မလာရင်၊ သူတို့ပြောတဲ့အတိုင်းမလုပ်ပေးရင် ပြဿနာရှာပြီး စိတ်ဆိုးတာမျိုးတွေ လုပ်တတ်ကြပါတယ်။

သူ့ရဲ့အရာရာတိုင်းကိုလိုက်ပြောင်းလဲခိုင်းခြင်း

အဆိုးဆုံးကတော့ သူများကို control လုပ်ချင်တဲ့သူတွေက ဖြစ်တည်မှုကို လက်မခံပေးနိုင်ပဲ အရာရာကို ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲခိုင်းပြီး လုပ်ယူနေတာမျိုးပါပဲ။ လူတစ်ယောက်ရဲ့အကျင့်နဲ့ဗီဇကလည်း တခြားသူပြောင်းလဲပေးဖို့ အရမ်းခက်ပါတယ်။

သင်ကလွဲပြီးတခြားသူတွေကိုအချိန်ပေးတာမကြိုက်ခြင်း

အရမ်း control လုပ်ချင်တဲ့သူတွေက ကိုယ့်ချစ်သူကို ကိုယ်နဲ့ပဲရှိစေချင်တယ်၊ ဘယ်သွားသွား ကိုယ်နဲ့ပဲသွားစေချင်တယ်၊ တခြားသူနဲ့သွားလာတာမျိုး၊ တခြားသူကိုအချိန်ပေးတာမျိုး လုံးဝမကြိုက်ပါဘူး။ ကိုယ်နဲ့မဟုတ်ပဲ တခြားသူနဲ့သွားလာပြီး အချိန်ပေးရင် ပြဿနာတန်းရှာတော့တာပါပဲ။