အသက် ၃၀ ဆိုတဲ့အရွယ်ဟာ ရုတ်တရက်တွေးကြည့်လိုက်ရင် ကိုယ်နဲ့ဝေးသေးတယ်လို့ ထင်ကောင်းထင်မိနိုင်ပေမယ့် သတိမထားမိလိုက်တဲ့အချိန်မှာပဲ အသက် ၃၀ အရွယ်ရောက်လာတာကို ကြုံတွေ့ရပါလိမ့်မယ်။ ဘဝရဲ့ကျန်ရှိတဲ့အချိန်တွေကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက် အသက် ၃၀ အရွယ်မှာ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး လေ့ကျင့်သင့်တာတွေကို လေ့ကျင့်ထားဖို့လိုအပ်တာကြောင့် ဆုံးဖြတ်ချက်မမှားဖို့ အင်မတန်အရေးကြီးပါတယ်။
အပေါင်းအသင်းမမှားပါစေနဲ့
၂၀ ဝန်းကျင်မှာတုန်းက သူငယ်ချင်းတွေအများကြီးနဲ့ ဟေးလားဝါးလားလုပ်လို့ရတယ်ဆိုပေမယ့် အသက် ၃၀ ထဲဝင်လာတဲ့အခါမှာတော့ သူငယ်ချင်းများတာထက် ကိုယ့်အတွက် စစ်မှန်တဲ့စိုးရိမ်ပူပန်မှုတွေနဲ့ နားလည်ပေးနိုင်မယ့် သူငယ်ချင်းတွေပဲရှိဖို့ လိုအပ်ပါတော့တယ်။
ကိုယ့်ကိုယ်ကိုရိုးသားပါ
ကိုယ့်ကိုယ်ကိုနဲ့ပတ်သက်ပြီးတောင် ရိုးသားမှန်ကန်မှုမရှိနိုင်ဘူးဆိုရင် တခြားသူတွေနဲ့ဆက်ဆံရာမှာ ဘယ်လိုမှအဆင်ပြေချောမွေ့မှုမရှိနိုင်ပါဘူး။
ကိုယ်ပျော်မွေ့ရာ နယ်ပယ်ကိုရွေးချယ်ပါ
အလုပ်စဝင်ချိန်မှာတော့ ကိုယ်နှစ်သက်ရာအလုပ်ကိုရဖို့ဆိုတာက မလွယ်ကူလှပါဘူး။ ဒါပေမယ့်လည်း စိတ်ဆုံးဖြတ်ချက် ခိုင်မာမှုရှိမယ်ဆိုရင်တော့ အသက် ၃၀ အရွယ်မှာ ကိုယ်ဝါသနာပါရာ အလုပ်ခွင်မှာ ပျော်မွေ့စွာလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
ခရီးသွားပါ
လူငယ်အရွယ်တုန်းက ခရီးသွားခဲ့တာနဲ့ အသက် ၃၀ အရွယ်မှာ ခရီးသွားရတဲ့ အတွေ့အကြုံတွေက မတူနိုင်ပါဘူး။ အမြင်တွေလည်း ကွဲပြားသွားသလို သိမြင်လာရမယ့် ဗဟုသုတတွေ၊ ခံစားချက်တွေက ဘယ်လိုမှယှဥ်နှိုင်းလို့မရနိုင်ပါ။
ကိုယ့်ကိုယ်ကိုချစ်တတ်ပါ
ငယ်ရွယ်တဲ့မိန်းကလေးတွေပဲ အလှအပကြိုက်ကြတာမဟုတ်ပါဘူး။ အသက် ၃၀ မပြောပါနှင့် အသက် ၄၀ အရွယ်မှာလည်း ရွယ်တူတွေကြား အလှဆုံးဖြစ်နေဖို့အတွက် အချိန်ရှိကတည်းက ကြိုတင်ပြင်ဆင်ပြီး အသားအရေထိန်းသိမ်းဖို့လည်း လိုအပ်ပါသေးတယ်။
စာအုပ်များများဖတ်ပါ
၂၁ ရာစုခေတ်ဟာ အင်မတန်ကို ရှုပ်ထွေးလွန်းလှပါတယ်။ နေ့စဥ်နေ့တိုင်း အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ မိသားစုကိစ္စ စသဖြင့် စုံလင်လှအောင်ကို အကြောင်းအမျိုးမျိုးနဲ့ မအားမလပ် တစ်နေ့တာကို ဖြတ်သန်းနေကြရပါတယ်။ သို့သော်လည်း အချိန်ရှိခိုက် လုံ့လစိုက်ဆိုတဲ့ စကားအတိုင်းပဲ နောင်တချိန်မျိုးဆက်သစ်တွေကို ပြန်လည်သင်ကြားပေးနိုင်ဖို့အတွက် ကိုယ်ကနေပြီး စာများများဖတ်ထားသင့်ပါတယ်။
လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
Gym ထိ တကူးတကသွားပြီးတော့ လေ့ကျင့်ခန်းဆော့ခိုင်းတာမဟုတ်ပါဘူး။ အိမ်မှာနေရင်းနဲ့ မနက်ခင်းတိုင်း ယောဂကျင့်တာမျိုး၊ ညနေခင်းလမ်းလျှောက်ထွက်တာမျိုးလေးတွေကို နေ့စဥ်ပြုလုပ်ပေးခြင်းအားဖြင့် အသက် ၄၀ အရွယ်ထိလည်း ကျန်းမာနုပျိုနေစေမှာဖြစ်ပါတယ်။