ချောကလက် ကြိုက်နှစ်သက်သူများအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်။ ထိုသတင်းကောင်းက ဘာလဲဆိုတော့ ချောကလက်ကို သွားရေစာမုန့်အဖြစ်သာမက အလှအပအတွက်ပါ အသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ပြစ်ချက်ကင်းပြီး ချောမွတ်နူးညံ့တဲ့ အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ချောကလက်ဖြင့် ပေါင်းတင်ပေးလိုက်ရုံပါပဲ။

ဘယ်လိုနည်းလမ်းနဲ့ ပေါင်းတင်နိုင်မလဲဆိုတာကို ဆက်လေ့လာလိုက်ရအောင်။

အဆီပြန်ပြီး ဝက်ခြံပေါက်သူများအတွက် ချောကလက်ပေါင်းတင်နည်း

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သစ်ကြမ်းပိုးခေါက် လက်တစ်ဖျစ်စာခန့်နှင့် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများကို အနှစ်များရလာသည်အထိ သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့အနှစ်က အရည်ပျစ်သွားတယ်ဆိုရင်တော့ ပျားရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ရရှိလာတဲ့အနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀၊ ၃၀ ခန့်ကြာမှာ ရေဖြင့် ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းဖြင့် တစ်ပတ် နှစ်ကြိမ်ခန့် ပေါင်းတင်ပေးမယ်ဆိုရင် သင့်မျက်နှာလေးက ချောမွတ်နူးညံ့သွားမှာပါ။

ရေဓာတ် ဖြည့်တင်းပေးမယ့် ချောကလက်ပေါင်းတင်နည်း

လိုအပ်တဲ့ပါဝင်ပစ္စည်းများကတော့ ချောကလက်အရည် ၅၀ ဂရမ်၊ ငှက်ပျောသီး ၁ လုံး၊ စတော်ဘယ်ရီသီး ပန်းကန်လုံး ၁ လုံးစာနှင့် ဖရဲသီး ပန်းကန်လုံး ၁ လုံးစာတို့ပဲဖြစ်ပါတယ်။ သစ်သီးများနဲ့ ချောကလက်အရည်များကို ဖျော်စက်ထဲတွင် သမအောင် မွှေဖျော်ပေးလိုက်ပါ။

ရရှိလာတဲ့အနှစ်ကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာတဲ့အခါမှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်နှစ်ကြိမ်ခန့် ပေါင်းတင်ပေးမယ်ဆိုရင်တော့ ရေဓာတ်ပြည့်ဝပြီး စိုပြေလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

ဒီပေါင်းတင်နည်းကတော့ နွေရာသီလို ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုအတွက် ပိုမိုသင့်တော်ပါတယ်။

မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးနှင့် ဆဲလ်သေများကို ချောကလက်ဖြင့် ကြေးချွတ်ကြမယ်

လိုအပ်တဲ့ပါဝင်ပစ္စည်းများကတော့ ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်းတို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများကို သမအောင် ရောနှောပြီးနောက် မျက်နှာနဲ့ လည်ပင်းပေါ် သုတ်လိမ်းကာ အခြောက်ခံထားလိုက်ပါ။ ခြောက်သွားပြီဆိုတော့မှာ ရေဖြင့် ဆေးကြောကာ နှိပ်နယ်ပေးလိုက်ပါ။

ဒီနည်းလမ်းကတော့ မျက်နှာကြေးချွတ်ခြင်းဖြစ်တဲ့အတွက်ကြောင့် တစ်ပတ်တစ်ကြိမ်ခန့်ဆို လုံလောက်ပါပြီ။ ကိုးကိုးမှုန့်နှင့် သကြားညိုက မျက်နှာပေါ်က ဆဲလ်သေများနှင့် ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးပြီး ပျားရည်ကတော့ ဘက်တီးရီးယားများကို သေစေကာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။

ပျိုမေလေးတို့အားလုံး ကိုယ့်မျက်နှာအသားအရေနဲ့ လိုက်ဖက်မယ့် ပေါင်းတင်နည်းများကို ရွေးချယ်ကာ ပြစ်မျိုးမှဲ့မထင်တဲ့ အလှအပကိုပိုင်ဆိုင်နိုင်ကြပါစေ။

Source: Stylecraze.com