ငှက်ပျောသီးစားပြီး ငှက်ပျောခွံကို လွှင့်မပစ်လိုက်ပါနဲ့နော်။ ငှက်ပျောခွံက သင့်အလှအပအတွက် များစွာအသုံးဝင်ပါတယ်။ ငှက်ပျောခွံနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့ အလှအပဆိုင်ရာ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

သွားများဖြူဝင်းစေဖို့

ငှက်ပျောခွံဟာ သွားတွေကို ဖြူဖွေးစေတယ်ဆိုတာ သင်သိပါသလား။ ညစ်ညမ်းနေတဲ့ သွားတွေအတွက် ငှက်ပျောခွံကို သုံးဖို့သတိရလိုက်ပါ။ ငှက်ပျောခွံနဲ့ သွားမျက်နှာပြင်ကို ပွတ်ပေးလိုက်ပါ။ ပြီးသွားရင်တော့ သွားတိုက်ပေးလိုက်ပါ။ နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။ တစ်ပတ်လောက်ဆိုရင် သွားတွေ သိသိသာသာ ဖြူဝင်းလာစေမှာပါနော်။

ဝက်ခြံသက်သာစေခြင်း

ငှက်ပျောခွံဟာ ရဲရဲနီနေတဲ့ ဝက်ခြံတွေကို အရောင်ကျစေပါတယ်။ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိပါဝင်ပါတယ်။

အရင်ဆုံး မျက်နှာကို ရေအေးအေးနဲ့ ဆေးချလိုက်ပြီး တဘက်နဲ့ သုတ်လိုက်ပါ။ ပြီးရင်ငှက်ပျောခွံနဲ့ ဝက်ခြံရှိတဲ့နေရာကို သေချာလေးပွတ်ပေးလိုက်ပါ။ အဲဒီနောက် ခဏထားပြီး မျက်နှာကိုရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လုပ်နိုင်ပါတယ်။

နောက်တစ်နည်းကတော့ နနွင်းမှုန့်ကို  ငှက်ပျောခွံပေါ်တင်ပေးပြီး စောစောကလိုပဲ မျက်နှာကို ပွတ်ပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

အရေးကြောင်းသက်သာစေဖို့

ငှက်ပျောခွံကို အရေးကြောင်း သက်သာစေဖို့ သုံးနိုင်ပါတယ်။ မျက်လုံးနားက အရေးအကြောင်းတွေနဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေ သက်သာဖို့ ငှက်ပျောခွံနဲ့ ပွတ်လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားကာ ရေဆေးချလိုက်ပါ။ နေ့တိုင်းလုပ်နိုင်ပါတယ်။

မျက်အိတ်ဖောင်းတာကို ကျစေခြင်း

မျက်အိတ်ဖောင်းနေလို့ စိတ်မညစ်ပါနဲ့။ ငှက်ပျောခွံကို မျက်လုံးနားမှာ ကပ်ပေးလိုက်ပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။