ချစ်သူစုံတွဲတွေကြားမှာ ရန်ဖြစ်စကားများတာဟာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါပဲ။ သို့သော် ရန်ဖြစ်စကားများခြင်းရဲ့နောက်က ဖြေရှင်းပုံဖြေရှင်းနည်းတွေပေါ်မူတည်ပြီး နှစ်ဦးသားဆက်ဆံရေး ရလဒ်တွေကတော့ အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။

ပြဿနာတစ်ခုဖြစ်လာတဲ့အခါ အကောင်းဆုံးရလဒ်တစ်ခုရအောင် ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ မဟုတ်ရင် သင်တို့ရဲ့ဆက်ဆံရေးက အေးစက်စက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ဝေးသထက် ဝေးသွားနိုင်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်တော့ ရန်တွေဘယ်လောက်ပဲဖြစ်ဖြစ် ၊ စကားတွေ ဘယ်လောက်များများ အမုန်းမပွားပဲ ပြန်ချစ်နိုင်ဖို့ သိထားရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) သီးခြားအချိန်ပေးပါ

ရန်ဖြစ်စကားများကြပြီးတဲ့နောက်မှာ တစ်ယောက်နဲ့တစ်ယောက် သီးခြားအချိန်တစ်ခုပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့ဆို သွေးပူတုန်း ၊ စိတ်ခံစားချက်တွေ မြင့်နေတုန်းမှာ ပြဿနာကို ဖြေရှင်းတာဟာ အမှားတွေအများကြီး ဖြစ်သွားနိုင်ချေရှိပါတယ်။

ဒါကြောင့် ပြဿနာတစ်ခုကို မဖြေရှင်းခင်မှာ စိတ်တည်ငြိမ်မှုရအောင် ၊ အမှန်အမှားကို သေချာဝေဖန်ပိုင်းခြားနိုင်အောင် တစ်ယောက်နဲ့တစ်ယောက် သီခြားကိုယ်ပိုင်အချိန် ခဏယူပြီးမှသာ ပြဿနာရဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ တစ်ခါတစ်လေမှာ ဒေါသတွေ ၊ စိတ်ခံစားမှုတွေရှေ့တန်းတင်ပြီး ပြဿနာကိုဖြေရှင်းကြတဲ့အခါ အဖြေမထွက်ပဲ အငြင်းအခုံတွေပဲ ပိုဖြစ်လာတက်ပါတယ်။

ဒါကြောင့် ကိုယ်တိုင် သီးခြားအချိန် ခဏတဖြုတ်ယူသင့်သလို ကိုယ့်ချစ်သူအတွက်လည်း သီးခြားအချိန်တစ်ခုပေးပါ။ ဒါဆို ပြဿနာကိုအကောင်းဆုံး ရလဒ်ထွက်အောင် ဖြေရှင်းနိုင်ပါလိမ့်မယ်။

(၂) ပြင်းထန်တဲ့ စကားလုံးတွေရှောင်ပါ

ပြဿနာတစ်စုံတစ်ရာ ဖြစ်ကြပြီ ၊ အငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် အဓိကသတိထားရမှာက နှုတ်မကျွံမိစေဖို့ပါပဲ။ တစ်ခါတစ်လေမှာ ဒေါသအလျောက် စကားလုံးကြမ်းကြမ်းတွေ ပြောဆိုလိုက်တာ ၊ အနိုင်ရလိုစိတ်နဲ့ တစ်ဘက်လူကို စကားလုံးပြင်းပြင်းတွေနဲ့ ချောင်ပိတ်ရိုက်တာ စတဲ့ အပြုအမူတွေကို ရန် ဖြစ်စကားများချိန်မှာ အတက်နိုင်ဆုံး ရှောင်ကြဉ်ဖို့ လိုပါတယ်။

တစ်ယောက်ကို တစ်ယောက် စိတ်နာတယ် ၊ နာကျည်းတယ်ဆိုတာ ဒီလို ပြင်းထန်တဲ့ စကားလုံးတွေက စတာပါပဲ။ နာကျင်ကြေကွဲရတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ အပြန်အလှန်ထိုးနှက်အနိုင်ယူခြင်းမရှိရင် ရန်တွေဖြစ်ပေမယ့်လည်း ပြန်ချစ် နိုင်သေးတယ်ဆိုတာ ယုံပါ။

(၃) ဂရုတစိုက် နားထောင်ပါ

တစ်ယောက်ရင်ထဲက စကားသံတွေကို တစ်ယောက်ကကြားနိုင်အောင် နားထောင်ရင် ပြဿနာတွေဆိုတာ တဒင်္ဂပါပဲ။ ရန်ဖြစ်တယ် ၊ စကားများတယ် ၊ အငြင်းအခုန်တွေ ဖြစ်ကြတယ်ဆိုတာဟာ နားလည်မှုလွဲတာ ၊ တစ်ယောက်နဲ့တစ်ယောက် ရင်ခုန်ခြင်း ချစ်ခြင်းသံစဉ်တွေ ကြိုးညှိမရလို့ပါ။ ဒါကြောင့် ရန်ဖြစ်စကား အငြင်းပွားကြတဲ့အခါ တစ်ဖက်လူရဲ့ရင်ထဲက စကားသံတွေ ၊ ခံစားချက်တွေကို အရင်ဆုံးမြင်နိုင်ကြားနိုင်အောင် သေချာဂရုတစိုက်နားထောင်ပေးဖို့ လိုပါတယ်။

ကိုယ့်ခံစားချက်ကိုပဲ ရှေ့တန်းမတင်ပဲ ကိုယ့်ချစ်သူ ၊ ကိုယ့်ပါတနာရဲ့ ရင်တွင်းခံစားချက်တွေကို နားလည်အောင် သေချာနားထောင်ပေးပါ။ ဒါဆိုရင် ရန်ဖြစ်ရတဲ့ ပြဿနာတွေ ပြီးပြတ်ကျေအေးပြီး အမြန်ဆုံး ပြန်ချစ် နိုင်ပါလိမ့်မယ်။

(၄) တောင်းပန်ပါ

ထိရောက်တဲ့တောင်းပန်မှုတွေဟာ ချစ်သူနှစ်ဦးကြားက ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး နှစ်ဦးသားရဲ့ဆက်ဆံရေးကို အကောင်းဆုံးအခြေအနေတစ်ခုနဲ့ ရှေ့ဆက်နိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။ ပြဿနာတစ်ခုဖြစ်တဲ့အခါ ၊ အမှားတစ်ခုကျူးလွန်မိတဲ့အခါ မှားတဲ့သူက မှားကြောင်းဝန်ခံတောင်းပန်ရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်။

မာန်မာနတွေ တခွဲသားနဲ့ အမှားလုပ်သူက ကိုယ့်အမှားကိုတာဝန်မယူဘူး ၊ မတောင်းပန်ဘူးဆိုရင် ပြဿနာဟာ ကောင်းမွန်တဲ့ ရလဒ်အဖြေတစ်ခု ထွက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမှားလုပ်မိတယ်ဆိုရင် မှားကြောင်း ဝန်ခံပါ။ တောင်းပန်ပါ။ နောက်ထပ်ဒီလိုအမှားမျိုး ထပ်မဖြစ်စေဖို့ အာမခံပါ။ ကတိပေးပါ။ ဒါဆိုရင်တော့ ပြဿနာတွေကနေ အကောင်းဆုံး အဖြေရလဒ်တစ်ခုရှာဖွေနိုင်မှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြန်ချစ်ဖို့ခက်ခဲတော့မှာ မဟုတ်ပါဘူး။