တစ်ယောက်တည်း အထီးကျန်တာများလာတဲ့အခါမှာ လူတွေက စိတ်ကျဝေဒနာ ခံစားရတက်ပါတယ်။ သက်ကြီးရွယ်အိုအများစုက အထီးကျန်တဲ့ဒဏ်ကို ပိုပြီးခံစားရတတ်ပါတယ်။ ဒီနေ့ အထီးကျန်တဲ့အခါမှာ လုပ်ပေးသင့်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ကိုယ်သင် အပြစ်မတင်ပါနဲ့

သင့်ကိုယ်သင် အပြစ်တင်ခြင်းက သင့်ရဲ့ ခံစားချက်ကို ပိုမိုဆိုးရွားစေပါတယ်။ မိမိကိုယ်ကို အသုံးမကျဘူး အဖြစ်မရှိဘူးလို့ အမြဲတွေးနေမယ် ဆိုရင်တော့ စိတ်ဓာတ်ကလည်း အောက်ကိုကျနေအုန်းမှာပါပဲ။ အရာအားလုံးက ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်ပျက် နေကြတာကြောင့် တစ်ခုခုဖြစ်တာနဲ့ မိမိကိုယ်ကို အပြစ်မတင်လိုက်ပါနဲ့။ အခက်အခဲတွေကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာကိုပဲ အဖြေရှာဖို့ ကြိုးစားပါ။

လူသားမဟုတ်တဲ့ သူငယ်ချင်း ရှာဖွေပါ

လူသားမဟုတ်တဲ့ သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ အိမ်မွေးတိရိစ္ဆာန် မွေးတာ၊ အကြိုက်ဆုံးစာအုပ်တွေဖတ်တာ (သို့) ကိုယ်ကြိုက်တာ တီဗီအစီအစဉ်တွေကြည့်တာ စသဖြင့်လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်ဝါသနာပါရာတွေကို တီထွင်ပြုလုပ်တာကလည်း အထီးကျန်မှုကို ကုစားပေးရာ ရောက်ပါတယ်။

ဖြစ်နိုင်ပါက လူသားသူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြောဆိုပါ

သင့်အပေါ်အမြဲတမ်း အားပေးကူညီတက်သူ (သို့) ပျော်ရွှင်အောင်လုပ်ပေးနိုင်သူဆီကို ဖုန်းဆက်တာ (သို့) စာပို့ပြီး ဆက်သွယ်တာမျိုးလုပ်ဆောင်ပါ။ အစပိုင်းမှာတော့ အထီးကျန်ပါတယ်ဆိုမှ ဒါမျိုး မလုပ်ချင်ပါဘူးလို့ စိတ်ထဲက ငြင်းဆိုနေပေမဲ့ ဒီလိုမျိုး ရင်ဖွင့်လိုက်ရတာက တစ်ဝက်လောက် သက်သာသွားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

အကူအညီလိုအပ်နေသူကို ကူညီပေးပါ

တခြားလူတွေကို အကူအညီပေးခြင်းက အထီးကျန်မှုကို တိုက်ထုတ်ပေးနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကို ကူညီတာ (သို့) ဆိုရှယ်မီဒီယာပေါ်မှာ အားပေးနှစ်သိမ့်မှုလိုအပ်နေသူတွေကို ကူညီတာဖြစ်ဖြစ် လုပ်ဆောင်ပေးလိုက်ပါ။

သီချင်းဆိုပါ

အထီးကျန်တာကို တိုက်ထုတ်ဖို့အကောင်းဆုံး နည်းလမ်းက သီချင်းဆိုခြင်းပါပဲ။ ဒါက အထိရောက်ဆုံး စိတ်ပျော်ရွှင်စေတဲ့ နည်းလမ်းပါပဲ။ ရေချိုးရင်း သီချင်းဆို ဒါမှမဟုတ် အကြိုက်ဆုံး အဆိုတော်သီချင်းကို ဖွင့်ပြီး တူတူတွဲဆိုလိုက်မယ်ဆိုရင် အထီးကျန်ခြင်းက သက်သာသွားပါလိမ့်မယ်။