မိန်းကလေးတိုင်းအတွက် ရှားစောင်းလက်ပတ်နဲ့ ဖြေရှင်းလို့ရမယ့် အလှအပဆိုင်ရာပြဿနာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိမ်မှာ ရှားစောင်းလက်ပတ်သာရှိရင် ဘက်စုံသုံးလို့ရပါတယ်။
အကြောပြတ်ရာ
အကြောပြတ်ရာတွေကို ရှားစောင်းလက်ပတ်အတွင်းသားနဲ့ တိုက်ရိုက်ပွတ်ပေးခြင်းက အကြောပြတ်ရာတွေ ပါးသွားစေပါတယ်။ နေ့တိုင်း တစ်နေ့ကို ၂ ကြိမ် ၊ ၃ ကြိမ်လောက် ပွတ်ပေးပါ။
ချွေးပေါက်ကျယ်ခြင်း
ချွေးပေါက်ကျယ်နေရင် ရှားစောင်းလက်ပတ်၊ သကြား၊ သံပယိုရည်နဲ့ rose water တို့ကို ပန်းကန်တစ်လုံးထဲထည့်ပြီး ရောမွှေပါ။ ပြီးရင်တော့ cotton pad ကို ထည့်စိမ်ပြီး အဲ့ဒီ cotton pad နဲ့ပဲ ချွေးပေါက်ကျယ်နေတဲ့နေရာတွေကို တို့ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ချွေးပေါက်ကျယ်တာတွေကို ဖြေးဖြေးချင်းစီ ကျဉ်းလာစေပါတယ်။
ဆံပင်ကျဲနေခြင်း
ဆံပင်တွေကျွတ်တာများပြီး ခွဲကြောင်းတစ်လျှောက် ဆံပင်ကျဲနေတာမျိုးတွေ ဖြစ်နေရင်လည်း ရှားစောင်းလက်ပတ်ကို သုံးလို့ရပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ဒိန်ချဉ်၊ ရှားစောင်းလက်ပတ်ဂျယ်လ်၊ ငှက်ပျောသီးတစ်လုံးနဲ့ vitamin E တစ်လုံးကို ဖောက်ထည့်ပြီး blender နဲ့ မွှေပေးပါ။ ပြီးရင်တော့ လက်နဲ့ပဲယူပြီး ဦးရေပြားမှာလိမ်းပေးပါ။ ပိုတာတွေကို ဆံသားမှာလိမ်းလိုက်ပါ။ ခဏထားပြီးရင် ခေါင်းလျှောက်လိုက်ရုံပါပဲ။
မျက်တောင်ရှည်အောင်
ရှားစောင်းလက်ပတ်အတွင်းသားကို ချေပြီး ပန်းကန်ထဲထည့်ပါ။ သံလွင်ဆီလည်း နည်းနည်းထည့်မွှေပါ။ ပြီးရင်တော့ မျက်တောင်ကော့တဲ့အတံနဲ့ယူပြီး မျက်တောင်ကော့ပေးပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ မျက်တောင်လေးတွေ ထူပြီးရှည်လာမှာပါ။
အရေးအကြောင်းများ
မျက်နှာမှာ အရေးအကြောင်းတွေရှိနေရင် ရှားစောင်းလက်ပတ်အတွင်းသား၊ ဒိန်ချဉ်၊ ပျားရည်နဲ့ spirulina အမှုန့်တို့ကို blender ထဲရောထည့်ပြီး ကြိတ်ပေးပါ။ ကြိတ်ပြီးရလာတာကို ပန်းကန်ထဲထည့်ပြီး လက်နဲ့ယူကာ မျက်နှာမှာလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင် မျက်နှာသစ်လိုက်ရုံပါပဲ။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ အရေးအကြောင်းတွေ ပါးသွားစေပါတယ်။
နှုတ်ခမ်းခြောက်ခြင်း
နှုတ်ခမ်းခြောက်ပြီး အဖတ်တွေလန်နေရင် cotton pad ထဲကို ရှားစောင်းလက်ပတ်ဂျယ်လ်ထည့်ပြီး နှုတ်ခမ်းမှာ ၅ မိနစ် ကပ်ထားပေးပါ။ နှုတ်ခမ်းခြောက်ပြီး အဖတ်လန်နေတာတွေပါ သက်သာသွားပါလိမ့်မယ်။