ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် အလုပ်သစ် ရှာတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုတော့ လိုလာပြီဖြစ်ပါတယ်။ အလုပ်သစ် ရှာဖို့ဆို ပြင်ဆင်ရမယ့်အချက် သိပ်အများကြီးတော့ မရှိပါဘူး။

ဒါပေမယ့်လည်း အခုပြောမယ့် အချက်လေးတွေတော့ အလုပ်သစ် ရှာတော့မယ့်သူတို့ မမေ့မလျော့ ကြိုပြီး ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

ကဲ … ဘယ်လို အချက်လေးတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) Resume နဲ့ Cover Letter အသစ်ပြန်ပြင်ပါ

အလုပ်သစ် ရှာတော့မယ်လို့ စဉ်းစားထားရင် အရင်ဆုံး လုပ်ရမယ့် အရေးကြီးဆုံးအချက်က ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် နဲ့ အလုပ်အကိုင်ဆိုင်ရာ အတွေ့အကြုံ ၊ တတ်ကျွမ်းမှု နဲ့ အောင်မြင်မှုတွေကို စနစ်တကျဖြစ်အောင် Update ပြင်ဖို့ ဖြစ်ပါတယ်။

အလုပ်လျှောက်လွှာအဖြစ် ပေးပို့ရမယ့် Resume နဲ့ Cover Letter တွေဟာ ကိုယ်ဘယ်လိုလူလဲ ၊ ဘယ်လောက်ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့လူမျိုးလဲ ဆိုတာကို ကိုယ့်ကို အလုပ်ခေါ်မယ့်သူ သိအောင် မိတ်ဆက်တဲ့ မိတ်ဆက်စာတစ်မျိုးပဲ ဖြစ်ပါတယ်။

Update ပြန်ပြင်လိုက်တဲ့ Resume ထဲမှာ ကိုယ်လျှောက်မယ့် လုပ်ငန်းခွင် နယ်ပယ်အလိုက် မဖြစ်မနေ ပါသင့်တဲ့ Skill ၊ အထက်လူကြီး ထောက်ခံချက် နဲ့ Keywords တွေ ပါဝင်အောင် သေချာ ရေးထားဖို့ လိုပါတယ်။

Position အလိုက် ကိုက်ညီမှု ရှိတဲ့ စကားအသုံးအနှုန်း နဲ့ အလုပ်အကိုင်တာဝန်ယူမှု ဆိုင်ရာ ဖော်ပြချက်တွေလည်း ပါအောင် ဂရုစိုက်ရမှာပါ။

တကယ်လို့ ကိုယ့်အနေနဲ့ Resume ရေးတာ စိတ်တိုင်းမကျရင် ကိုယ့်အထက်လူကြီးတစ်ယောက်ယောက် ဒါမှမဟုတ် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်တဲ့ အကြံပေးတစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး သေချာ‌ရေးထားဖို့ လိုပါတယ်။

(၂) Social Media အကောင့်တွေ Active ဖြစ်ပါစေ

အလုပ်လျှောက်တော့မယ်ဆိုရင် အရင်လို CV Form လေး တင်ရုံနဲ့ ပြီးတာမျိုး မဟုတ်တော့ပါဘူး။ အခုခေတ်မှာ အလုပ်သစ် ရှာတဲ့လူဟာ ကိုယ့်ရဲ့ အပြင်ဘဝပုံရိပ် နဲ့ ဂုဏ်သိက္ခာပိုင်း နာမည်ကောင်းရှိထားဖို့အပြင် လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာလည်း ပုံရိပ်ကောင်း ရှိဖို့ပါ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

အလုပ်သစ် ရှာသူတွေအဖို့ Resume ကောင်းကောင်း ရေးရသလို LinkedIn လို အလုပ်အကိုင်ရှာဖွေရေး ပလက်ဖောင်းတွေပေါ်မှာ Profile ကောင်း ရှိအောင်ပါ Update ပြင်ရပါတယ်။

လေ့လာမှုတွေအရ အလုပ်ခန့်တဲ့ မန်နေဂျာတွေ နဲ့ အလုပ်ရှင်တွေရဲ့ ၈၀% ခန့်ဟာ အလုပ်အင်တာဗျူးအတွက် ခေါ်မယ်ဆိုရင် အလုပ်လျှောက်သူရဲ့ LinkedIn Profile ကို ဝင်ကြည့်ကြတယ်လို့ ဆိုပါတယ်။

LinkedIn အပြင် Facebook ၊ Twitter စတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေမှာလည်း ကိုယ့်ရဲ့ Career ပုံရိပ်ကောင်းတွေကို အခါအားလျော်စွာ ဖော်ပြဖို့ လိုပါတယ်။

ဒါက သင့်ရဲ့ ပုံရိပ်ကို လူသိအောင် Branding ဖောက်တာလည်း ဖြစ်သလို ကိုယ်နဲ့ နယ်ပယ်တူ အလုပ်အကိုင်တူတဲ့ လူတွေနဲ့လည်း ကွန်ရက်တစ်ခု ဖွဲ့ဖြစ်ဖို့ တံခါးဖွင့်လိုက်တာပဲ ဖြစ်ပါတယ်။

(၃) အလုပ်အကိုင်ပြပွဲတွေ တက်ပါ

Job Fair လိုမျိုး အလုပ်အကိုင် ပြပွဲတွေက အခုနောက်ပိုင်းမှာ အပြင် Physical Event ထက် Online ကွန်ဖရင့်လိုမျိုး ပြောင်းပြီး ကျင်းပလာနေပါတယ်။ အလုပ်သစ် ရှာနေတဲ့သူတွေအတွက် Job Fair တွေဟာ ကိုယ်ကျွမ်းကျင်တဲ့ Field နဲ့ ဆက်စပ်တဲ့ အလုပ်တွေ ၊ ကုမ္ပဏီ နဲ့ အလုပ်ရှာသူတွေ နဲ့ ထိတွေ့ပတ်သက်ဖို့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

အလုပ်အကိုင်နေရာသစ်တွေကို တစ်စုတစ်စည်းတည်း တွေ့ဖို့အတွက် အလုပ်အကိုင်နေရာတွေ စုနေတဲ့ Network ထဲ ဝင်ဖို့လိုပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် Job Fair တွေ့ရင် တက်ပါ ၊ အလုပ်အကိုင်နဲ့ဆိုင်တဲ့ ကွန်ဖရင့်တွေ ၊ ဟောပြောပွဲတွေ တက်ပါ။

ဒီလို ကွန်ရက်တွေကနေ အခွင့်အလမ်းသစ်တွေ ၊ မိတ်ဆွေသစ်တွေရပြီး ကိုယ့်ရဲ့ အလုပ်အကိုင် ရှာဖွေရေးမှာ ပိုပြီး လွယ်ကူ အဆင်ပြေလာမှာ ဖြစ်ပါတယ်။

(၄) ကိုယ့်အရည်အချင်းတွေ ဖြည့်ထားပါ

နောက်ထပ် ရှာနေတဲ့ အလုပ်မှာ ဘယ်လို အလုပ်တာဝန်တွေ ယူရမှာလဲ သိအောင် အရင် လုပ်ပါ။ ဒီတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ကိုယ့်မှာ ဘယ်လို အရည်အချင်းတွေ လိုနေသေးသလဲ သိအောင် ဖော်ထုတ်ပါ။

ပြီးရင် အဲ့ဒီ အရည်အချင်းတွေ ကိုယ့်မှာ ရှိလာအောင် ဖြည့်ဆည်းဖို့ လိုပါတယ်။ လိုအပ်တဲ့ သင်တန်းတွေ တက်ပါ ၊ စာအုပ်တွေ ဖတ်ပါ ၊ YouTube တွေ ကြည့်ပြီး လေ့လာပါ လို့ ပြောချင်ပါတယ်။

ဒီအချက်အပြင် နောက်အလုပ်အတွက် လစာ ဘယ်လောက်ရမှ လုပ်မယ်ဆိုတာပါ ကြိုပြီး စဉ်းစားဆုံးဖြတ်ထားဖို့ လိုမှာပါ။ အလုပ် ရာထူးနဲ့ လိုက်ဖက်တဲ့ လုပ်ခလစာကိုပါ ကြိုပြီး အနီးစပ်ဆုံး မှန်းထားခြင်းအားဖြင့် အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာအကြောင်း ပြောရာမှာ ပိုပြီး တိကျနီးစပ်တဲ့ လစာမျိုး ရဖို့ အခွင့်အလမ်း များမှာ ဖြစ်ပါတယ်။