မိတ်ကပ်လိမ်းတဲ့ ရေမြှုပ်လေး (Sponge) လေးတွေက အခုနောက်ပိုင်းမှာဆို ပျိုမေတိုင်း ပိုင်ဆိုင်ထားကြတဲ့ အလှအပဆိုင်ရာ ပစ္စည်းကောင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အဲ့ဒီ ရေမြှုပ်လေးနဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမယ်ဆိုရင် အချိန်တိုလေးအတွင်းမှာ မိတ်ကပ်မကွက်စေဘဲနဲ့ မြန်မြန်အလှပြင်လို့ရတာ ကလည်း သူ့ရဲ့ အားသာချက်တစ်မျိုးပါပဲ။

ဒါတင်မကသေးပါဘူး။ ဖောင်ဒေးရှင်းလိမ်းတဲ့အခါ၊ ကွန်စီလာလိမ်းတဲ့အခါမှာ အသုံးပြုနိုင်တဲ့အရာကလည်း ဟောဒီရေမြှုပ်လေးတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရေမြှုပ်လေးတွေကို နည်းမှန်လမ်းမှန် အသုံးပြုမှသာလျှင် ပျိုမေတို့ရဲ့ အလှတိုးလာမှာပါ။ ဒါ့ကြောင့် မိတ်ကပ်ပြင်ဆင်ခြယ်သတိုင်း ပျိုမေလေးတို့ ပြုလုပ်လေ့ရှိတဲ့အမှားလေးတွေကို ရှောင်ကြဉ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်တယ်နော်။

ရေမြှုပ်လေးတွေကို ရေမစွတ်ဘဲ အသုံးပြုခြင်း

ကျွမ်းကျင်မိတ်ကပ်ပညာရှင်တိုင်းက ရေမြှုပ်လေးတွေအသုံးပြုမယ်ဆိုရင် အနားမှာ ရေခွက်လေးဆောင်ထားလေ့ရှိပါတယ်။ ရေမြှုပ်ကို ရေစွတ်ပြီး သုံးမှသာလျှင် သူ့အရွယ်အစားကပွလာပြီး ဈေးကြီးလှတဲ့ ပျိုမေတို့ရဲ့ ဖောင်ဒေးရှင်းတွေ အလဟဿနဲ့ ရေမြှုုပ်ထဲမှာ ကပ်နေခြင်းမှ တားဆီးပေးပါတယ်။ ဒါ့ကြောင့် ရေမြှုပ်ကို ရေမစွတ်ဘဲ အခြောက်အတိုင်းအသုံးပြုတယ်ဆိုရင်တော့ အဲ့ဒီ့အလေ့အထကို ပျိုမေလေးတို့ အခုကတည်းက ပြန်ပြင်လိုက်ပါတော့။

ရေမြှုပ်လေးတွေကို ကြက်ဥပုံစံ တီထွင်ထားခြင်းက အကြောင်းအရင်းရှိပါတယ်။

လုံးဝိုင်းနေတဲ့အစွန်းလေးကိုတော့ သင့်မျက်နှာပြင်ရဲ့ ကျယ်ဝန်းတဲ့နေရာတွေဖြစ်တဲ့ ပါးပြင်၊ နဖူးပြင်တွေမှာ လိမ်းခြယ်နိုင်ပြီး နှာခေါင်း၊ မျက်လုံးအောက်ဘက်နဲ့ နှုတ်ခမ်းနားတစ်ဝိုက် စတဲ့ မိတ်ကပ်လိမ်းခြယ်ရခက်တဲ့ နေရာတွေကိုတော့ ထိပ်ချွန်ချွန်လေးနဲ့ လိမ်းခြယ်ပေးရမှာပါ။

မိတ်ကပ်လိမ်းတဲ့ ရေမြှုပ်လေးတွေကို အရောင်အမျိုးမျိုး တီထွင်ထုတ်လုပ်ထားခြင်းကလည်း သူ့ရည်ရွယ်ချက်နဲ့သူ ရှိပါသေးတယ်။

ပန်းရောင်ရေမြှုပ်ကတော့ ရေမြှုပ်လေးတွေရဲ့မိခင်လို့ တင်စားခေါ်ဝေါ်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်းရောင်ရေမြှုပ်လေးတွေကို အရင်ဦးဆုံးတီထွင်ထုတ်လုပ်ထားလို့ပါပဲ။ အမဲရောင် (သို့) အရောင်ရင့်တဲ့ရေမြှုပ်လေးတွေကိုတော့ ပါးရိုး၊ မေးရိုး၊ နှာခေါင်းရိုးဖော်တဲ့အခါ အသုံးပြုတဲ့ အညိုရောင်ဖောင်ဒေးရှင်းလိမ်းခြယ်ရင် အသုံးပြုရမှာပါ။ အဖြူရောင်ရေမြှုပ်လေးကိုတော့ အသားအရေထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လိမ်းခြယ်ရတဲ့ Moisturising ခရင်မ်တို့၊ စီရမ်တို့လိမ်းတဲ့အခါ အသုံးပြုရတာပဲဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ ရေမြှုပ်လေးတွေကို အမြဲတမ်းသန့်ရှင်းအောင်ထားဖို့ပါပဲ။

မိတ်ကပ်လိမ်းခြယ်ပြီးတိုင်း ရေမြှုပ်လေးတွေကို ဘေဘီရှန်ပူလေး အနည်းငယ်အသုံးပြုပြီး ရေနဲ့ သန့်စင်ပေးလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ရေမြှုပ်လေးတွေသန့်စင်ဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သန့်စင်ဆေးနဲ့ ဆေးကြောသန့်စင်ပေးရပါမယ်။ ပြီးရင် ရေမြှုပ်လေးတွေ သေချာခြောက်သွားပြီဆိုမှ သူ့ရဲ့ဘူးထဲကို ပြန်ထည့်သိမ်းထားရမှာပါ။ သေချာမခြောက်ဘဲ ပြန်လည်သိုလှောင်သိမ်းဆည်းထားမယ်ဆိုရင် မှိုနဲ့ဘက်တီးရီးယားတွေကို လက်ယပ်ခေါ်နေတာနဲ့ အတူတူပါပဲ။ ပျိုမေတို့ရဲ့ မျက်နှာအသားအရေက အရမ်းကို နူးညံ့ပါတယ်။ ဒီလိုနူးညံ့တဲ့မျက်နှာနဲ့ ထိတွေ့ရတဲ့ ရေမြှုပ်က မသန့်ရှင်းဘူးဆိုရင်တော့ ပျိုမေတို့ရဲ့ မျက်နှာအသားအရေက ကြည်လင်ချောမွေ့မနေတော့ဘဲ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ထွက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။

Source: Stylecraze.com