ချစ်သူတို့အကြားမှာ မေတ္တာမြဲဖို့ သစ္စာခိုင်ဖို့အရေးကလည်း တကယ့်အရေးခက်ကြီးတစ်ခုပါပဲ။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်ဆိုတဲ့ နောက်ကွယ်မှာ အလွန်ရှုပ်ထွေးလှတဲ့ အစီအစဉ်တွေ အများကြီး ပါဝင်နေပါတယ်။
လူသတ္တဝါတွေရဲ့ အချစ်က ဆန်းကြယ်တယ်လို့ ဆိုတယ်မဟုတ်လား။ ဒါပေမယ့်လည်း ရိုးရိုးရှင်းရှင်းနဲ့ ထူးခြားတဲ့ နည်းလမ်းလေးတွေကလည်း ချစ်မှုရေးရာကို ပိုလို့ ထိရောက်မှုရှိစေနိုင်ပါတယ်။
(၁) ခွဲခွာဖို့ အချိန်ယူပါ
ကြားလေသွေးလို့ ဝေးမှာစိုးသူတွေကို ခဏလောက် ခွဲနေပါလို့ ပြောတာဟာ အတော်လေး လက်မခံချင်စရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း မိသားစုနဲ့ အိမ်ထောင်မှုဆိုင်ရာ ကုထုံးပညာရှင် အက်စတာ ပီယယ်ကတော့ Relationship တွေအကြားက Space လေးတွေက သိပ်အရေးပါကြောင်းကို သူမရဲ့ စာအုပ်တွေမှာ ဖော်ပြထားပါတယ်။
(၂) ကိစ္စသေးသေးလေးတွေနဲ့ Surprise လုပ်ပါ
သေးငယ်တဲ့ အပြုအမူလေးတွေဆိုပေမယ့် ကြီးမားနက်ရှိုင်းတဲ့ ခံစားချက်နဲ့ သက်ရောက်မှုတွေ ပေးနိုင်ပါတယ်။ သင့်လက်တွဲဖော်ဟာ သင့်ရဲ့ ဂရုစိုက်မှုကို အင်မတန်သေးတဲ့ အလင်းပေါက်ကနေ မြင်ရသလိုမျိုး မြင်တတ်ပါတယ်။ မြင်လည်း မြင်နိုင်ပါတယ်။
သင့်ရဲ့ မေတ္တာအပြည့်ပါတဲ့ စကားတစ်ခွန်း၊ ကြင်နာမှုပြတဲ့ အမူအရာတစ်ချက်၊ မရည်ရွယ်ထားတဲ့ အမှတ်တရတွေကို ချစ်ခြင်းမေတ္တာရဲ့ မျက်နှာစာအဖြစ် မြင်တတ်ပါတယ်။ တကယ်လည်း ဒီအပေါ်ကို လှိုက်လှိုက်လှဲလှဲ ခံစားတတ်ပါတယ်။
(၃) မှန်ကန်တဲ့ သဘောထားကွဲလွဲမှု ဖြစ်ပါစေ
ချစ်ပါတယ်ဆိုတဲ့လူတွေလည်း ရန်ဖြစ်ကြတာပါပဲ။ ရန်ဖြစ်တယ်ဆိုတာ ဆက်ဆံရေးရဲ့ အရေးပါတဲ့ အပိုင်းတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ မှန်မှန်ကန်ကန် ရန်ဖြစ်တာမျိုးက အလိမ်အညာနဲ့ချစ်ဟန်ဆောင်တာထက် ပိုကောင်းပါတယ်။
ပြဿနာတစ်ခုဖြစ်ရာမှာ မှန်ကန်တဲ့ ရန်ဖြစ်မှုဆိုတာ ယဉ်ကျေးငြင်သာတဲ့ အသုံးအနှုန်းနဲ့ အပြုသဘောအခြေခံပြီး ဖြစ်တာပါ။ ကိုယ်ပြောမယ့်စကားတွေ လွှတ်ခနဲ မပြောဘဲ ပြောခါနီး အရင်ဆုံး Edit လုပ်ပြီးမှ ပြောပါ။
ပြောခါနီး သူ့ကို ချစ်တဲ့အကြောင်း တွေးပါ။ လေးစားစိတ်အခံနဲ့ ပြောပါ။ တစ်ဖက်သား အမှားကို ခွင့်လွှတ်လိုစိတ် ရှေးရှုပါ။ ကိုယ့်အမှားအတွက် တာဝန်ယူပါ။ နှစ်ဦးအကြား ကွဲပြားမှုအကြားက မှန်ကန်တဲ့ပလက်ဖောင်းတစ်ခုကို ရှာပါ။
ရန်ဖြစ်ဖို့ ကြုံလာရင် ဒီလိုနည်းနဲ့ ရန်ဖြစ်တာမျိုးက အချစ်ရေးကို မထိခိုက်စေတဲ့အပြင် ပိုလို့တောင် ထိရောက်ကောင်းမွန်လာပါလိမ့်မယ်။