တောင်ကိုးရီးယားကနာမည်ကြီးမင်းသမီးတွေကို ကြည့်လိုက်ရင် သူတို့ရဲ့အသားအရေတွေက အသက် ၃၀-၄၀ ဝန်းကျင်ရောက်တဲ့အထိ အပြစ်ပြောစရာမရှိအောင် နုပျိုနေဆဲ၊ လှနေဆဲဖြစ်တာကို တော်တော်များများ သတိထားမိကြမှာပါ။ ဒီလိုလူတိုင်းအားကျရတဲ့ အသားအရေမျိုးရဖို့ မလွယ်သလို သူတို့ကိုယ်တိုင်မှာလည်း မှန်ကန်တဲ့ပုံမှန် Skincare အဆင့်တွေ၊ ကျန်းမာရေးနဲ့ညီတဲ့ Lifestyle တွေ ရှိထားတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာ မြန်မာပရိသတ်တွေနဲ့လည်းမစိမ်းတဲ့ အသက် ၄၀ ဝန်းကျင်အထိ နုပျိုနေဆဲ ထိပ်တန်းကိုးရီးယားမင်းသမီးအချို့ရဲ့ အလှအပထိန်းသိမ်းနည်း လျှို့ဝှက်ချက်တွေကို မျှဝေပေးလိုက်ပါတယ်။ အသားအရေစိုပြေချင်တဲ့ ပျိုမေတိုင်း အတုယူနိုင်မှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

၁။ မင်းသမီး So Ye-Jin

အသက် ၄၀ လို့လုံးဝမထင်ရတဲ့ မင်းသမီး Ye-Jin ကတော့ အဆီပြန်အသားအရေရှိသူမို့ Cleansing အဆင့်နဲ့ အစိုဓာတ်ဖြည့်ပေးတဲ့အဆင့်တွေကို အဓိကထားလုပ်လေ့ရှိပြီး Sheet Mask လေးတွေ တစ်ပတ်တစ်ခါ သုံးတတ်တဲ့သူဖြစ်ပါတယ်။ Skincare အဆင့်တွေ ရှုပ်ယှက်ခက်နေအောင် လုပ်တာမျိုးထက် သူမ Skin Type အတွက် လိုအပ်မယ့် ထိန်းသိမ်းမှုလောက်ကိုပဲ ပုံမှန်လေးလုပ်ပေးလေ့ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်။

၂။ မင်းသမီး Jun Ji Hyun

ကလေးနှစ်ယောက်မေမေလို့ မထင်ရအောင် နုပျိုလွန်းတဲ့မင်းသမီး Jun Ji Hyun ရဲ့ လျို့ဝှက်ချက်ကတော့ သူမရဲ့ မျက်နှာအတွက် သဘာ၀ DIY Mask တွေနဲ့ ပေါင်းတင်ပေးတာပါ။ သူမလုပ်လေ့ရှိတဲ့နည်းကတော့ သုံးနေကျ Toner ၊ သံပယိုရည်အနည်းငယ်နဲ့ ဝိုင်နီတို့ကို ပေါင်းစပ်ကာ တစ်ရှူးနဲ့စုပ်ယူပြီး မျက်နှာမှာ ကပ်ပေးတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာသစ်တဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့အရင်စွတ်ကာ Cleanser သုံးပြီးမှ ရိုးရိုးရေနဲ့ပြန်သစ်လေ့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ သွေးလည်ပတ်မှုကောင်းစေဖို့ မျက်နှာသစ်ပြီးတိုင်း လက်ချောင်းထိပ်တွေနဲ့ ခပ်ဖွဖွဖိပြီး နှိပ်နယ်ပေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

၃။ မင်းသမီး Song Hye Kyo

ပရိသတ်တွေအားလုံးသိကြတဲ မင်းသမီး Song Hye Kyo ကတော့ မျက်နှာအတွက် Anti-aging ဖြစ်တဲ့ ဆေးဖက်ဝင် Mask တွေနဲ့ ပေါင်းတင်ပေးပြီး နို့နဲ့ မျက်နှာသစ်တာမျိုး ပြုလုပ်တတ်သူဖြစ်ပါတယ်။ သူမဟာ အလုပ်အားတဲ့နေ့တွေမှာ တတ်နိုင်သလောက်မိတ်ကပ်မလိမ်းဘဲ မျက်နှာကိုအနားပေးလေ့ရှိပြီး ကျန်းမာနုပျိုဖို့အတွက် အသက် ၃၀ ကစကာ ယောဂပုံမှန်ကျင့်တာမျိုး ပြုလုပ်ပေးတယ်လို့လည်း ဆိုပါတယ်။

၄။ မင်းသမီး Kim Tae Hee

မင်းသမီး Kim Tae Hee ဟာ အလှအပပစ္စည်းတွေရွေးရာမှာ မျက်နှာနဲ့ မတည့်တာရှိမရှိ မသုံးခင် အချိန်ပေးပြီး သေချာလေ့လာတတ်တဲ့သူဖြစ်ပါတယ်။ သူမရဲ့နုပျိုမှုအတွက် မရှိမဖြစ် Skincare အဆင့်တွေကတော့ Toner ၊ Essence နဲ့ Eye Cream တွေပုံမှန်သုံးပေးပြီး ကိုယ့်အသားအရေအခြေအနေကို ပုံမှန်စစ်ဆေးကာ လိုအပ်တဲ့ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးတတယ်လို့ ဆိုပါတယ်။ ဥပမာအနေနဲ့ အသားခြောက်သလို ခံစားရတဲ့နေ့တွေမှာ မအိပ်ခင် Moisturizing Cream များများ လိမ်းပေးတာမျိုး လုပ်တတ်ပါတယ်တဲ့။

၅။ မင်းသမီး Choi Ji Woo

၄၆ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Choi Ji Woo ရဲ့ လျို့ဝှ့က်ချက်ကတော့ မျက်နှာသစ်ပြီးနောက် Vinegar Cleansing လို့ခေါ်တဲ့ ရှာလကာရည် လေး၊ ငါးစက်နဲ့ မျက်နှာကိုသန့်စင်ပေးတတ်တာပါ။ သူမဟာ များသောအားဖြင့် Cleansing နဲ့ Hydrating အဆင့်တွေ ပုံမှန်လုပ်ပေးလေ့ရှိပြီး နောက်နေ့မနက်ထိ အစိုဓာတ်ရနေဖို့ Night Cream တစ်မျိုး ပုံမှန်လိမ်းအိပ်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

၆။ မင်းသမီး Gong Hyo Jin

အသက် ၄၂ နှစ်ပြည့်ပြီဖြစ်တဲ့ မင်းသမီး Gong Hyo Jin ကတော့ အသက်အရွယ်ရလာတဲ့အခါ မျက်လုံးတစ်ဝိုက် အရေးအကြောင်းမဖြစ်အောင် အဓိကထား ထိန်းသိမ်းဖြစ်တယ်လို့ ဆိုပါတယ်။ သူမလုပ်လေ့ရှိတဲ့ နည်းတစ်ခုကတော့ ဝါဂွမ်းကို ရေစွပ်ပြီး ရေခဲသေတ္တာထဲခဏထည့်ကာ မျက်လုံးမှာကပ်ပေးတာမျိုးဖြစ်ပြီး ဒါက မျက်လုံးတစ်ဝိုက်ချွေးပေါက်ကျယ်ခြင်းကို သက်သာစေပါတယ်။

Photo Source: Pinterest