မိန်းကလေးတွေရော ယောကျ်ားလေးတွေပါ ရှော့ပင်းထွက်ရတာကို ကြိုက်ကြတာများပါတယ်။ စိတ်ညစ်လို့ဖြစ်ဖြစ် စိတ်ပျော်လို့ဖြစ်ဖြစ် ရှော့ပင်းထွက်လိုက်ရရင်ကို ကျေနပ်သွားတတ်ကြသူတွေလည်းရှိပါတယ်။

ဒါပေမယ့် ရှော့ပင်းထွက်တဲ့အချိန်တိုင်းက ကိုယ့်စိတ်တိုင်းကျဖြစ်တာချည်းပဲလားလို့ လိုက်မေးကြည့်မယ်ဆိုရင် အမြဲတမ်းတော့မဟုတ်ဘူးလို့ ဖြေကြမယ့်သူတွေရှိနေပါတယ်။ အကျီလှတာလေးတွေလို့ စမ်းဝတ်ကြည့်တော့လည်း သဘောကျတယ်ဆိုပြီး ဝယ်လာပြီးကာမှ အိမ်ရောက်လို့ပြန်ဝတ်ကြည့်တဲ့အခါ မလိုက်တော့ဘူးလို့ ခံစားတတ်ရတဲ့အချိန်မျိုးတွေပေါ့နော်။

ကိုယ်လည်းသဘောကျလို့ ပိုက်ဆံအကုန်ခံပြီး ဝယ်လာပြီးကာမှ စိတ်တိုင်းမကျတော့တာမျိုး မဖြစ်စေဖို့ အဝတ်အစားအသစ်ဝယ်တော့မယ့်သူတိုင်းအတွက် အသုံးဝင်စေမယ့် တချို့အချက်လေးတွေကို အကြံပြုပေးချင်ပါတယ်။

ရှော့ပင်းမထွက်ခင် အတွင်းခံ သေချာရွေးဝတ်သွားပါ

ကိုယ်ဝယ်ချင်တဲ့ပစ္စည်းနဲ့ အဆင်ပြေသင့်တော်မယ့် အတွင်းခံကို ကြိုတင်စဥ်းစားပြီးတော့ ဝတ်သွားဖို့လိုပါတယ်။ ဒါမှမဟုတ် ကိုယ်မကြာခဏ အဝတ်ဆုံးဖြစ်တဲ့ အတွင်းခံတစ်စုံကို ဝတ်သွားနိုင်ပါတယ်။

ဟိုလှုပ်ဒီလှုပ် လုပ်ကြည့်ပါ

တချို့အဝတ်အစားတွေက ကြည့်ရင်လှပေမယ့် ထိုင်တဲ့ ထတဲ့အချိန်တွေမှာ အဆင်မပြေတာမျိုးတွေ ဖြစ်တတ်တဲ့အတွက် စမ်းဝတ်ကြည့်တဲ့အခါတိုင်း အဝတ်အစားလဲခန်းထဲမှာပဲ ထိုင်လိုက် ထလိုက် ဟိုလှည့် ဒီလှည့် ဟိုကား ဒီကား လုပ်ကြည့်ပြီး နေရတာအဆင်ပြေမပြေ ဆုံးဖြတ်ပါ။

ကိုယ့်အဝတ်အစားနဲ့ပုံကို မှန်ထဲအရင်ကြည့်ပါ

အဝတ်အစားသစ်ကို စမ်းမဝတ်ကြည့်ခင် အဝတ်အစားလဲခန်းထဲရောက်တာနဲ့ မှန်ကိုသေချာအရင်ကြည့်ပါ။ အဝတ်စားလဲခန်းထဲက မှန် သို့မဟုတ် မီးအလင်းရောင်က ကိုယ့်နဂိုပုံစံကို ပြောင်းလဲသွားစေနိုင်လား (ဥပမာ − ပိန်သွားစေလား) ဆိုတာ သေချာစူးစမ်းဖို့လိုပါတယ်။ ဒါမှ ဆိုင်ထဲကအကျီတွေဝတ်ကြည့်တဲ့အခါ နှိုင်းယှဥ်ကြည့်လို့ရမှာဖြစ်ပါတယ်။

ဆိုဒ်အစုံ တခါတည်းသယ်သွားပါ

ကိုယ့်ခန္ဓာကိုယ်ဆိုဒ်ကို ကိုယ်သိပေမယ့်လည်း တံဆိပ်တစ်ခုနဲ့တစ်ခု ထုတ်ပုံခြင်းမတူတာကြောင့် တခါတလေ ကွာခြားတတ်ပါတယ်။ ပိုကြီးသွားမလား ပိုသေးသွားမလား မသိနိုင်လို့ အစုံသယ်သွားပါ။

ရှုထောင့်မျိုးစုံကနေကြည့်ပါ

ကိုယ်ဝင်သွားတဲ့အဝတ်စားလဲခန်းက သုံးဖက်မြင် တစ်ကိုယ်လုံးပေါ် မှန်မရှိဘူးဆိုရင် အပြင်ထွက်ပြီးတော့ ပိုကြီးတဲ့မှန်မှာသွားကြည့်ပါ။ ဒါမှ ဘယ်နေရာချွင်းချက်ရှိမရှိဆိုတာ သိနိုင်မှာပါ။

Selfie ရိုက်ပါ သို့မဟုတ် သူများကိုဓာတ်ပုံရိုက်ခိုင်းပါ

အဝတ်အစားနဲ့ပတ်သက်လာရင် ဓာတ်ပုံက အမှန်တရားတွေကို ပြောပြတတ်ပါတယ်။ ကိုယ့်မျက်လုံးက ကိုယ့်ကိုလှည့်စားနိုင်ပေမယ့် ဓာတ်ပုံတွေကိုအမှန်ပြောတတ်ပြီး လက်တွေ့မှာ ဒီအဝတ်အစားက ကိုယ်နဲ့တကယ်လိုက်မလိုက်ဆိုတာကို ပိုပြီးကောင်းကောင်းသိမြင်စေပါလိမ့်မယ်။

Source: BrightSide

By MyStyle Myanmar