အချစ်ဦးနဲ့ သေတဖန်သက်တဆုံး ပျော်ရွှင်စွာလက်တွဲသွားကြသည်ဆိုတဲ့ ဇာတ်လမ်းမျိုးဟာ လက်တွေ့ဘဝမှာ အင်မတန်ရှားပါတယ်။ အကြောင်းအမျိုးမျိူးကြောင့် အချစ်ဦးနဲ့လွဲခဲ့ရသူတိုင်း အချိန်တွေကြာလာတဲ့အထိ သူ့ကိုမမေ့နိုင်သေးတဲ့ ခံစားချက်မျိုးကို ကောင်းကောင်းသိကြပါတယ်။

ဒီဆောင်းပါးလေးမှာတော့ အချစ်ဦးကိုမေ့ပစ်နိုင်ဖို့ ခက်ခဲနေသူတွေအတွက် အသုံးဝင်စေမယ့် နည်းလမ်းကောင်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) လက်တွေ့မဆန်တဲ့ အတွေးတွေကို ရပ်တန့်လိုက်ပါ

လူအများစုဟာ အချစ်ကိုဆုံးရှုံးလိုက်ရချိန်မှာ အချိန်နဲ့အမျှ များစွာသောအတွေးတွေကို တွေးတောနေမိတက်ကြပြီး အတွေးတွေထဲမှာ အတိတ်ကိုပြန်သွားနေမိတဲ့ လက်တွေ့မဆန်တဲ့ အတွေးတွေက ရာခိုင်နှုန်းတော်တော်များများ ပါဝင်နေပါတယ်။

အတိတ်ကဖြစ်ရပ်တွေကို နောက်ကြောင်းပြန်သလို အတွေးတွေထဲမှာပြန်မြင်ယောင်တွေးတောနေတာက မွန်းကျပ်မှုတွေပိုဖြစ်လာစေနိုင်တာကြောင့် အတိတ်ကအကြောင်းအရာတွေနဲ့ပတ်သတ်တဲ့ အတွေးတွေကို ရပ်တန့်လိုက်ဖို့ လိုအပ်ပါတယ်။

အတိတ်ကအဖြစ်အပျက်တွေကို ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကို သတိပေးပါ။ တွေးနေတာကိုချက်ချင်းရပ်ပြီး အာရုံပြောင်းစေမယ့်အရာတစ်ခုခု ဥပမာ အိမ်သန့်ရှင်းရေးထလုပ်တာမျိုး အပြင်ထွက်လမ်းလျောက်လိုက်တာမျိုး လုပ်ဆောင်ပေးပါ။

(၂) ပစ္စုပ္ပန်ကို အာရုံစိုက်ထားပါ

အရင်ဆုံး သင့်တို့နှစ်ဦးရဲ့ အချစ်ရေးက ပြီးဆုံးသွားပြီဆိုတာကို လက်ခံရပါမယ်။ ပြီးဆုံးသွားတဲ့အချစ်ရေးက အတိတ်မှာကျန်ခဲ့ပြီဖြစ်တဲ့ မှုန်ဝါးတဲ့မှတ်ဉာဏ်တစ်ခုသာ ဖြစ်ပါတယ်။ လက်ရှိပစ္စုပ္ပန်အခြေအနေက သင်တကယ်ပိုင်ဆိုင်ထားတဲ့ ဘဝအခြေအနေအမှန်ဆိုတာကို မေ့သွားလို့ မရပါဘူး။

သင့်ရဲ့လက်ရှိပစ္စုပ္ပန်ဘဝကို အာရုံစိုက်ထားပြီး ကိုယ့်ဘဝရဲ့ အနာဂတ်ရည်မှန်းချက်‌တွေ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ကိုသာ ကိုယ့်ကိုယ်ကိုအမြဲသတိပေးနေ ဖို့လိုပါတယ်။

(၃) အမှတ်တရတွေ ရှင်းထုတ်လိုက်ပါ

အတိတ်မှာ သင်တို့နှစ်ဦးရဲ့အမှတ်တရဖြစ်စရာ အရာတွေ အများကြီးရှိခဲ့မယ်ဆိုတာသေချာပါတယ်။ ဒီအရာတွေက လက်ရှိဘဝမှာ ဘားမှအသုံးမဝင်တော့ပါဘူး။ ဒါ့ကြောင့် ဓာတ်ပုံတွေ ၊ အမှတ်တရပစ္စည်း ၊ Conversation အဟောင်းတွေ ၊ မက်ဆေ့ချ်တွေ ၊ ဖုန်းနံပါတ်တွေ အားလုံးအားလုံးကို တစ်ခါတည်း ဖျက်ပစ်လိုက်ပါ။

Facebook ၊ IG အကောင့်တွေကိုလည်း ဘလော့လုပ်ထားလိုက်ပါ။ အမှတ်တရဖြစ်စရာအရာတွေကို သင့်ဘဝထဲက အပြီးတိုင်ရှင်းထုတ်ဖို့ တုန့်ဆိုင်းမနေပါနဲ့။

(၄) ကိုယ့်ကိုယ်ကို ချစ်တက်အောင်သင်ယူပါ

လမ်းခွဲပြီးချိန်မှာ ရင်နင့်အောင် ခံစားရတယ် သတိရတဲ့စိတ်တွေက အချိန်တော်တော်များများကို ကြီးစိုးထားတယ်ဆိုတာ လက်ခံပေမယ့် ကိုယ့်ကိုယ်ကိုထိခိုက်နာကျင်စေတဲ့အထိတော့ ခံစားမှုတွေနောက်ကို မလိုက်သင့်ပါဘူး။ သင့်ဘဝမှာ ချစ်ရမယ့်သူတွေ အများကြီးရှိပါသေးတယ်။ မိသားစု ၊ သူငယ်ချင်းအပေါင်းအသင်းတွေ အပြင် သင့်ကိုယ်သင်အပြည့်အဝချစ်လို့ရပါတယ်။

သင့်ကိုစိတ်ပျော်ရွင်စေမယ့် အရာတွေလုပ်ဆောင်မယ် ၊ အစားအသောက်ပုံမှန်စားမယ် ၊ လေ့ကျင့်ခန်းလုပ်မယ် ၊ အိပ်ချိန်မှန်မှန်အိပ်မယ် စတဲ့ သင့်ကျန်းမာရေးကိုကောင်းစေမယ့် အရာလေးတွေလုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ကိုယ့်ကိုယ်ကိုချစ်ပေးပါ။

(၅) အားလပ်ချိန်အရမ်းမများအောင်နေပါ

အားလပ်ချိန်တွေ အရမ်းများနေတယ်ဆိုရင် သင့်အတွေးတွေ အာရုံတွေက အဆုံးသတ်ခဲ့တဲ့ Relationship ကိုပဲပြန်ပြီး စိတ်ရောက်နေမိတက်ပါတယ်။ ဒါ့ကြောင့်သင့်နေ့စဉ်ဘဝမှာ အားလပ်ချိန်များများမရစေပဲ အလုပ်ရှုပ်အောင်နေခြင်းက အချိန်ကုန်မြန်စေမှာဖြစ်သလို သင့်အတွေးတွေးကိုလည်း အာရုံပြောင်းပေးနိုင်ရာရောက်ပါတယ်။

ဒါ့ကြောင့် အွန်လိုင်းသင်တန်းတွေတက်တာမျိုး ၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးတာမျိုး ၊ အိမ်တွင်းပဲအောင်းမနေပဲ အပြင်ထွက်တာ စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် ဝါသနာလေးတွေလုပ်ဆောင်တာမျိုးလုပ်သင့်ပါတယ်။