သူငယ်ချင်း ဆိုတာ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမတွေပြီးရင် အရင်းနှီးဆုံး ဒုတိယ မိသားစုလို့ ပြောရင်မမှားနိုင်ပါဘူး။ သူငယ်ချင်းတွေ ဘယ်လောက်ပဲများပါစေ ကိုယ့်အပေါ်ကောင်းတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်း တစ်ယောက်ရဖို့တော့ တကယ်ကို မလွယ်ပါဘူး။

ဘဝမှာ သူငယ်ချင်းတွေ အများကြီးရှိဖို့ထက် သူငယ်ချင်းကောင်းတစ်ယောက် ရှိရင်ပဲ လုံလောက်ပြီလို့ ပြောနိုင်ပါတယ်။ ရင်ဘတ်ချင်းနီးတဲ့ တကယ့်သူငယ်ချင်း စစ်စစ်တစ်ယောက် ရှိပြီဆိုရင်တော့ အခုပြောပြမယ့် ကောင်းကျိုးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၁) အထီးကျန်ခြင်း ကင်းစေတယ်

လေ့လာမှုတွေအရ သူငယ်ချင်းကောင်းတစ်ယောက် ပိုင်ဆိုင်ထားသူတွေဟာ အထီးကျန်ခြင်း ဝေဒနာ ခံစားရနိုင်ခြေ နည်းတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရင်ဘတ်ချင်း ထပ်တူကျပြီး စကားပြောဖို့ ၊ ဟာသတွေလုပ်ဖို့ ၊ အချိန်ဖြုန်းဖို့အတွက် သူငယ်ချင်းကောင်းတစ်ယောက် ရှိထားမယ်ဆိုရင်တော့ အထီးကျန်တဲ့ ခံစားချက်တွေလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး။

(၂) စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကောင်းတွေ ရနိုင်တယ်

သူငယ်ချင်းကောင်း ဘော်ဒါကောင်း တွေက အကောင်းဆုံး ရင်ဖွင့်ဖော် ရင်ဖွင့်ဖက် ၊ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေဖြစ်သလို ကိုယ့်ရဲ့ ပြဿနာတွေ ၊ ရင်တွင်း ခံစားချက်တွေကို စိတ်ရင်းနဲ့ နားထောင်ပေးပြီး အကြံဉာဏ်ကောင်းတွေ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီတွေ များစွာ ပေးနိုင်သူတွေပဲ ဖြစ်ပါတယ်။

ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေ ၊ အဆင်မပြေမှုတွေနဲ့ ဖိအားတွေကို အကောင်းဆုံး နားလည် နှစ်သိမ့်ဆွေးနွေးရင်း Emotional Support ပေးနိုင်တာ စစ်မှန်တွေ သူငယ်ချင်းကောင်းတွေပဲ မဟုတ်လား။

(၃) အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေတယ်

သူငယ်ချင်းကောင်းတွေဆိုတာက တစ်ယောက်ကို တစ်ယောက် အမြဲကူညီဖေးမပေးလေ့ရှိပြီး ပိုကောင်းတဲ့ ပြောင်းလဲမှုတွေနဲ့ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာဖို့ ဘေးနားကနေ အမြဲ ကူညီဆောင်မပေးနေမှာ ဖြစ်ပါတယ်။

ကိုယ့်ဘက်က အမြဲရပ်တည်ပေးတက်ကြသလို ကိုယ် ဘာပဲလုပ်လုပ် အမြဲအားပေး ထောက်ခံလေ့ရှိတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တိုးစေပြီး ဘဝအတွက် ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်ဖို့ ခွန်အားတွေ ရစေမှာ ဖြစ်ပါတယ်။

(၄) မျှဝေခံစားနိုင်တယ်

သူငယ်ချင်းကောင်းတွေဆိုတာက ကိုယ့်ရဲ့တောက်ပနေချိန်တွေမှာ သာမက ခက်ခဲတဲ့အချိန်တွေမှာလည်း ဝေမျှခံစားပေးဖို့ အမြဲအဆင်သင့် ရှိနေပါတယ်။ အောင်မြင်ရင် လက်ခုတ်တီးပေးဖို့ ဝန်လေးမတက်သလို အခက်အခဲတွေနဲ့ ကျရှုံးနေချိန်မှာ ရင်ဘတ်ချင်း မျှဝေခံစားဖို့ကိုလည်း တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။

ကောင်းအတူတူ ဆိုးအတူတူ ဆိုတဲ့ မျှဝေခံစားနိုင်ခြင်းဟာ စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေမှာသာ ရနိုင်တာ ဖြစ်ပါတယ်။

(၅) ဆုံးဖြတ်ချက်တွေ ချရာမှာ ကူညီပေးတယ်

သံသယစိတ်တွေနဲ့ ရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ အတွေးကြပ်နေတဲ့ အချိန်မျိုးမှာ မှန်ကန်တဲ့ ရွေးချယ်မှု ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ဖို့ သူငယ်ချင်းကောင်းတွေရဲ့ အကူအညီက အများကြီး အထောက်အပံ့ ဖြစ်စေပါတယ်။

သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ အကြံဉာဏ်တွေဟာ ကိုယ့်အတွက် ၁၀၀ ရာခိုင်နှုန်း မမှန်နိုင်ရင်တောင်မှ ဆုံးဖြတ်ချက်ကောင်းတစ်ခု ချနိုင်ဖို့ ကောင်းမွန်မှန်ကန်တဲ့ အတွေးအခေါ်တွေကို လမ်းပြပေးနိုင်မှာ ဖြစ်ပါတယ်။