Gym မှာ ကစားဖို့ အဆင်မပြေရင်လည်း စိတ်မကောင်းမဖြစ်ပါနဲ့။ တကယ်က အပြင်ထွက်ပြီး Outdoor Workout လုပ်ခြင်းက Gym ရုံမှာ ကစားတာထက် သာတဲ့အချက်တွေ ရှိပါတယ်။ Outdoor Workout ကစားခြင်းအားဖြင့် အခုပြောတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

(၁) သွေးဖိအားကျပြီး စိတ်ဖိစီးမှုနည်းစေတယ်

လေ့လာမှုတွေအရ အပြင် Outdoor မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဟာ သွေးဖိအားနဲ့ နှလုံးခုန်နုန်းကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ Outdoor Workout တွေဟာ လေ့ကျင့်ခန်းလုပ်တာချင်းအတူတူ အခန်းထဲမှာ လုပ်ဆောင်တာထက် စွမ်းဆောင်ရည်လည်း ပိုတက်စေနိုင်ပါတယ်။ Gym လို လူတွေ အများကြီးနဲ့ တိုးဝှေ့ပြီး Workout လုပ်နေတာထက် စာရင် ပြင်ပမှာ စိတ်ချမ်းချမ်းသာသာနဲ့ လေသန့်သန့်လေးရှုရင်း အားကစားလုပ်တာဟာ အရသာတစ်မျိုးပါပဲ။

(၂) အိပ်မပျော်တဲ့ ဝေဒနာကို သက်သာစေတယ်

ညညအိပ်မပျော်တဲ့ Insomnia ဝင်နေရင် Outdoor လေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးချင်ပါတယ်။ လတ်ဆတ်တဲ့ လေကောင်းလေသန့်လေး ရှုရှိုက်ရင်းနဲ့ အပြင်ရှုခင်းတွေ ကြည့်ပြီး လေ့ကျင့်ခန်းလုပ်တာဟာ Insomnia ကို သက်သာစေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အိပ်ရေးလည်း ဝပြီး ရွှင်လန်းစေပါတယ်။

(၃) နေဆာပိုလှုံဖြစ်တယ်

နေရောင်ခြည်နဲ့ လတ်ဆတ်တဲ့ လေထုဟာ သင့်ကျန်းမာရေးအတွက် အခမဲ့စပွန်ဆာတွေပါပဲ။ နေရောင်ခြည်ဟာ လူရဲ့ အရိုးအဆစ်နဲ့ စိတ်ခံစားချက်ကို အထောက်အကူပြုတဲ့ ဗိုက်တာမင်ဒီ ထောက်ပံ့ပေးနိုင်ပါတယ်။ နေရောင်ဟာ ကြွက်သားထဲက စွမ်းအင်မောင်းနှင်မှုနဲ့ တစ်သျှူးတွေထဲက အောက်ဆီဂျင်ဓါတ်ပြုမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ နေသိပ်မြင့်လာချိန် အပြင်ထွက်လေ့ကျင့်ခန်း လုပ်တာမျိုးတော့ ရှောင်ရှားသင့်ပြီး နေရောင်တိုက်ရိုက်သိပ်မထိအောင် ကာကွယ်ဖို့လည်း မမေ့သင့်ပါဘူး။

(၄) သဘာဝနဲ့ တွေ့ထိဖြစ်တယ်

Gym ထဲမှာတော့ ဝိတ်တုံးတွေ ၊ အလေးမစက်တွေနဲ့ လူတွေပဲ မြင်ရမှာပါ။ Gym မှာ ဖွင့်ထားတဲ့ သီချင်းသံတွေကလည်း သင့်နားတွေကို ပြဿနာပေးနေမှာပါ။ Outdoor လေ့ကျင့်ခန်းတွေက များသောအားဖြင့် ပန်းခြံ ၊ ကန်ဘောင်နဲ့ မြက်ခင်းပြင်တွေပေါ်မှာ လုပ်ဆောင်ကြတာ ဖြစ်လို့ သဘာဝထဲက မြင်ကွင်းတွေကို တွေ့မြင်ခံစားနေရမှာပါ။ ဒါမျိုးက စိတ်ရောကိုယ်ပါ ကြည်လင်ဖွံ့ဖြိုးစေနိုင်စွမ်းရှိပါတယ်။