အိမ်မှာနေရင်း ကမ္ဘာအရပ်ရပ်က ပညာတွေ သင်လို့ရတဲ့ အွန်လိုင်းပညာရေးစနစ်ဟာ အတော်လေး တွင်ကျယ်နေပါတယ်။ အခုလို COVID-19 ကြောင့် အိမ်ထဲမှာပဲ နေရတဲ့ အချိန်မျိုးမှာ အွန်လိုင်းပညာရေးစနစ်က ပိုလို့တောင် အရေးပါနေပါတယ်။ အွန်လိုင်းပညာ‌‌ရေးဟာ အစဉ်အလာ သမရိုးကျပညာရေး ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်တဲ့ အားသာချက်တွေ ရှိပါတယ်။

(၁) ပညာရပ်ပေါင်းစုံ သင်နိုင်တယ်

အပြင်ကျောင်းတွေမှာ အမှတ်မမှီခဲ့လို့ မတက်နိုင်ခဲ့တဲ့ ပညာတွေကို အွန်လိုင်းကနေ သင်ယူနိုင်ပါတယ်။ လူကိုယ်တိုင် သွားရောက်ဖို့ အိပ်မက်တောင် မမက်ရဲတဲ့ နိုင်ငံရပ်ခြားက ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေဆီက ပညာရပ်အမျိုးမျိုး ၊ ပရိုဂရမ်အမျိုးမျိုးနဲ့ သင်ရိုးသစ်တွေကို သင်ကြားနိုင်ပါတယ်။

(၂) အိမ်မှာနေရင်း လေ့လာနိုင်တယ်

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အင်တာနက်နဲ့ လက်ပ်တော့တစ်လုံးရှိရင် သင့်အခန်းဟာ သင့်ရဲ့ တက္ကသိုလ်ဖြစ်နိုင်ပါတယ်။ အိမ်ကနေ ပညာသင်ရတာ ဖြစ်လို့ ဘယ်ကိုမှ သွားစရာမလိုဘဲ ကိုယ်သင်ချင်တဲ့ပညာကို အာရုံပိုစိုက်နိုင်စေပါတယ်။ ဘယ်မှ မသွားရတာ ဖြစ်လို့ အချိန်ကုန် သက်သာလို ငွေကုန်ကြေးကျလည်း နည်းတဲ့ အားသာချက် ရှိပါတယ်။

(၃) အချိန်မရွေးသင်နိုင်တယ်

စိတ်ဝင်စားစရာ အွန်လိုင်း Courses နဲ့ ပရိုဂရမ်တွေ တက်ရတဲ့အခါ ကိုယ့်အချိန်ဇယားနဲ့ကိုယ် သတ်မှတ်ပြီး သင်ယူလို့ ရတာ ရှိပါတယ်။ ဒါကို Self-Paced Learning လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ကျောင်းသားကိုပဲ ကိုယ်သင်တန်းအချိန်ဇယားပြန်သတ်မှတ်ခိုင်းတာ ဖြစ်ပါတယ်။ တစ်ချို့သင်တန်းတွေမှာတော့ သင်တန်းဆရာက ချမှတ်ပေးတဲ့ သင်တန်းချိန်လည်း ရှိပါတယ်။

(၄) ဈေးသက်သာတယ်

အပြင်တက္ကသိုလ်တစ်ခု တက်မယ်ဆိုရင် ကုန်ကျစရိတ်က မနည်းပါဘူး။ သင်တန်းကြေးအပြင် သွားရေး လာရေးနဲ့ နေ့စဉ်အသုံးစရိတ်တွေလည်း ရှိပါတယ်။ အွန်လိုင်းသင်တန်းတစ်ခုက ဒေါ်လာ ဆယ်ဂဏန်းကနေ ရာဂဏန်းအနည်းငယ် သုံးလိုက်ရုံနဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေရဲ့ သင်ရိုးတွေ သင်ကြားနိုင်တဲ့ အားသာချက် ရှိပါတယ်။

(၅) အလုပ်အကိုင်အတွက်လည်း ကောင်းတယ်

အွန်လိုင်းပညာရေးကနေ ရလိုက်တဲ့ ဒီဂရီဟာလည်း အပြင်ကျောင်းကနေ ရတဲ့ ဘွဲ့လက်မှတ်နဲ့ မခြားပါဘူး။ ဒီဂရီက ဒီဂရီပါပဲ။ အွန်လိုင်းကျောင်းကနေ ရလာတဲ့ ဘွဲ့လက်မှတ် နဲ့ ပညာရေးထောက်ခံချက်ဟာ အလုပ်သစ်လျှောက်ရာမှာ ပေးပို့မယ့် Resume အတွက်လည်း အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပြီး အလုပ်ရှင်မျက်စိကျစေမယ့် အချက်လည်း ဖြစ်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင် အွန်လိုင်းသင်ကြားရေးစနစ်ဟာ အချိန်အကြပ်အတည်း ရှိသူတွေ ၊ ငွေကြေးအများကြီး မသုံးချင်သူတွေနဲ့ ပညာသစ်မျိုးစုံ သင်ကြားချင်သူတွေအတွက် အဆင်ပြေဆုံး ပလက်ဖောင်းပဲ ဖြစ်ပါတယ်။