လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချရတာက လွယ်ကူပါတယ်။ ဒါပေမဲ့ တကယ့်တကယ် ပြုလုပ်တော့မယ် ဆိုရင်တော့ အနည်းငယ် ရှုပ်ထွေးလာပါပြီ။ ဘယ်မှာ လေ့ကျင့်ခန်း လုပ်ရမှာလဲ။ Gym မှာ အားကစား သွားလုပ်မှာလား။ ဒါမှမဟုတ် အိမ်မှာပဲ ဆော့ကစားမှာလား။

Gym မှာ အားကစား သွားလုပ်မယ်ဆိုရင်လည်း ဘယ်နေရာမှာ သွားလုပ်မှာလဲ။ နာမည်ရနေတဲ့ Gym အားကစား ခန်းမ မှာလား။ ဒါမှမဟုတ် အသင်းဝင်ကြေး သက်သာတဲ့ နေရာမှာ ဆော့ကစားမှာလား စတဲ့ မေးခွန်းပေါင်းများစွာက သင့်ကို ဆီးကြိုနေပါတယ်။

တကယ်လို့ သင်သည် Gym မှာ အားကစား သွားလုပ်ရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကောင်းကျိုးများကို ရရှိနိုင်ပါတယ်။

အားကစားပစ္စည်းမျိုးစုံဖြင့် ဆော့ကစားနိုင်ခြင်း

Gym ဖြစ်တဲ့အတွက်ကြောင့် အားကစား ပစ္စည်းမျိုးစုံကို သေချာထားထား ပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ အကြိုက်ပေါ် မူတည်ပြီး အားကစားကိရိယာမျိုးစုံဖြင့် ရွေးချယ်ဆော့ ကစားနိုင်ပါတယ်။ အလေးမချင်သူများက အလေးတုံးများဖြင့် ဆော့ကစားနိုင်သလို ပြေးစက် ၊ စက်ဘီးနင်းစက် စသည်ဖြင့် အသီးသီး ရွေးချယ် ဆော့ကစား နိုင်ပါတယ်။

မိမိကြိုက်နှစ်သက်ရာ အားကစားသင်တန်းကို ရွေးချယ်နိုင်ခြင်း

သင့်အနေနဲ့ Zumba Class ပဲ Join ချင်သလား။ ရက် ၃၀ ပြိုင်ပွဲမျိုးကို ဝင်ရောက် ဆင်နွှဲချင်သလား။ ဒါမှမဟုတ် ရေကူးကန်ထဲမှာ ဆော့ကစားချင်သလား စသည်ဖြင့် ရွေးချယ်စရာ အများအပြားဖြင့် စုံလင်လှပါတယ်။

အပေါင်းအသင်းအသစ်များနှင့် မိတ်ဆွေဖွဲ့နိုင်ခြင်း

ကိုယ့်လိုပဲ ခန္ဓာကိုယ် ကျန်းမာပြီး ကြွက်သားများ တောင့်တင်းချင်တဲ့ ရည်ရွယ်ချက် တူညီသော ဘော်ဒါများနဲ့ မိတ်ဆွေဖွဲ့ နိုင်ပါတယ်။ ထိုသူများထံမှလည်း Motivation ကူးစက်ကာ လေ့ကျင့်ခန်းများများ ဆော့ကစား နိုင်ပါလိမ့်မယ်။

အားကစား တစ်ခုတည်းပေါ်မှာ အာရုံစူးစိုက်နိုင်ခြင်း

အားကစား ခန်းမမှာ တစ်နာရီဆိုလည်း တစ်နာရီ၊ နှစ်နာရီဆိုလည်း နှစ်နာရီ အချိန်သီးသန့်ပေးကာ ဆော့ကစားရတဲ့ အတွက်ကြောင့် အိမ်အလုပ်များ ၊ ရုံးအလုပ်များက ဝင်ရောက်နှောင့်ယှက်မှာကို ပူပန်စရာ မလိုပါဘူး။

စိတ်ဓာတ်တက်ကြွစေခြင်း

ပိုက်ဆံအကုန်အကျခံပြီး အသင်းဝင်ကြေး သွင်းထားရတယ်ဆိုတဲ့စိတ်ကလည်း သင့်ကို Motivation ရအောင် ကူညီပေးပါလိမ့်မယ်။

အထက်ဖော်ပြပါ ကောင်းကျိုးများအပြင် အခုဆက်လက်ဖော်ပြပေးမယ့် ဆိုးကျိုးများကိုလည်း ခံစားရနိုင်ပါတယ်။

မန်ဘာကြေးကို လစဉ်လတိုင်း သွင်းနေရတဲ့ အတွက်ကြောင့် အကုန်အကျများခြင်း၊ Gym မှာ အားကစား သွားလုပ်ဖို့အတွက် အသွားအပြန်ကြာခြင်း ၊ တစ်ခါထွက်ဖို့ရန်အတွက် အချိန်ယူကာ ပြင်ဆင်ရခြင်း၊ လူပေါင်းစုံ လာရောက်ပြီး အားကစားပြုလုပ်ကြတဲ့ အတွက်ကြောင့် စရိုက်အမျိုးမျိုးကို သည်းခံနေရခြင်း ၊ ဥပမာ သင် လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ဖုန်းကို အော်ကြီးဟစ်ကျယ် ပြောဆိုနေခြင်း ၊ လေ့ကျင့်ခန်း ကောင်းကောင်း မလုပ်ဘဲ အားကစား ပစ္စည်းများကို သူတစ်ယောက်တည်း မောင်ပိုင်စီးထားတတ်သူများကို သည်းခံနေရခြင်း အစရှိတဲ့ ဆိုးကျိုးများကိုလည်း ခံစားရတတ်ပါတယ်။

တကယ်လို့ ကိုယ့်အိမ်မှာပဲ လေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကောင်းကျိုးများကို ခံစားရပါလိမ့်မယ်။

သက်သောင့်သက်သာရှိခြင်း

ကိုယ့်အိမ်မှာပဲ ဆော့ကစားရတာဖြစ်တဲ့ အတွက်ကြောင့် သက်သောင့်သက်သာနဲ့ ဆော့ကစားနိုင်ပါတယ်။ Gym တစ်ခါသွားဖို့ ပြင်ဆင်နေရတဲ့ ဒုက္ခကလည်း ကင်းဝေးသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ အိမ်နေရင်းဝတ်စုံဖြင့်လည်း အားကစား ပြုလုပ်နိုင်ပါတယ်။

အကုန်အကျနည်းခြင်း

အသင်းဝင်ကြေးလည်း ပေးစရာမလိုဘူး။ အသွားအပြန်ကုန်ကျစရိတ်တွေအတွက်လည်း စိုးရိမ်စရာမလိုပါဘူး။ ကိုယ့်အိမ်မှာပဲ ကိရိယာအလွတ် ဆော့ကစားရင် ပိုတောင်အကုန်အကျ သက်သာပါသေးတယ်။

နည်းလမ်းမျိုးစုံဖြင့် လေ့ကျင့်ခန်း ပြုလုပ်နိုင်ခြင်း

ယောဂ ဆော့ကစားချင်တာလား။ Cardio လေ့ကျင့်ခန်းတွေ ပြုလုပ်ချင်တာလည်း ကိုယ် ကြိုက်ရာ ရွေးလိုက်ရုံပါပဲ။ အိမ်မှာ ဆော့ကစားရတာ ပျင်းလာတဲ့အခါ အပြင်ထွက်ပြီး ပြေးခြင်း၊ လမ်းလျှောက်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

အထက်ဖော်ပြပါ အချက်များကတော့ သင့်ကို အိမ်မှာ အားကစားပြုလုပ်ချင်စိတ်ပေါ်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ကို အားကစား ပြုလုပ်ချင်စိတ်မရှိအောင် တားဆီးနေမယ့်အချက်များကတော့ …

ဆင်ခြေမျိုးစုံပေးနေခြင်း

ဒီနေ့တော့ အိမ်အလုပ်တွေ ရှိသေးလို့ လေ့ကျင့်ခန်း မလုပ်ဖြစ်သေးပါဘူး။ ရုံးမှာ တနေကုန် အလုပ်လုပ်လာရတာ ပင်ပန်းတယ် ဒီနေ့တော့ လေ့ကျင့်ခန်း မလုပ်ဘဲ နားလိုက်တော့မယ် စသည်ဖြင့် တစ်ရက်ပြီး တစ်ရက် ဆင်ခြေမျိုးစုံပေးနေတဲ့အခါ ကြာလာရင် လေ့ကျင့်ခန်း မလုပ်ဖြစ်တော့ပါဘူး။

နေရာအကျယ်အဝန်း

ကိုယ့်အိမ်မှာ လေ့ကျင့်ခန်းပြုလုပ်တော့မယ်ဆိုရင် နေရာအကျယ်အဝန်းကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။ ပြေးစက်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ချင်ပေမယ့် ပြေးစက်ထားဖို့ နေရာမရှိတာမျိုးကြောင့်လည်း လေ့ကျင့်ခန်း မလုပ်ဖြစ်တော့တာတွေ ရှိတတ်ပါတယ်။