တစ်ခါတလေ သင့်ပုံမှန်အပြုအမူတွေကြောင့် သင့်ဆံပင် ပျက်စီးလာတတ်ပါတယ်။ သင်မသိလိုက်ဘဲ သင့်ဆံသားကို ဖျက်စီးနေတတ်တဲ့ အရာတွေ ရှိပါတယ်။ ကျန်းမာတောက်ပတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့က မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါ။ တောက်ပြောင်တဲ့ ဆံသာနဲ့ မိန်းကလေးတစ်ယောက် လမ်းလျှောက်လာတဲ့အချိန် လည်ပြန်ငေးရတဲ့အထိ လှတာကို သင်ကြုံဖူးမှာပါ။ သင်လည်း ဒီလိုအငေးခံရတဲ့ မိန်းကလေး တစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒီတော့ အားလုံး အားကျရမယ့် ဆံကေသာကို ပိုင်ဆိုင်ဖို့ ပြုလုပ်သင့်တဲ့ အချက်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ အပူခဏခဏ ထိတာကို ရှောင်ပါ

အပူက သင့်ဆံသားကို ခြောက်သွေ့စေတဲ့အပြင် အထိအခိုက်လွယ်စေပါတယ်။ သင်က ဆံပင်ခဏခဏ ဖြောင့်တတ်သူ၊ ကောက်တတ်သူ ဆိုရင် ဒါကို လျှော့လုပ်သင့်ပါတယ်။ အပူနဲ့ ထိတွေ့တာကို သိသိသာသာ လျှော့ချလိုက်တဲ့အခါ သင့်ဆံသား ပြောင်းလဲလာတာကို သတိထားမိပါလိမ့်မယ်။

၂။ ကိုယ့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Product အမျိုးအစားကို ရှာပါ

ဆံပင် နက်မှောင် ရှည်လျားစေမယ့် ရှန်ပူ၊ ဆံပင်ကျွတ်တာကို သက်သာစေမယ့် ရှန်ပူ၊ ဗောက်ပျောက်စေပြီး တောက်ပစေမယ့် ရှန်ပူ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ရှန်ပူတွေ ရှိတတ်ပါတယ်။ ဒါတွေကို မကြည့်ခင် သင့်ဆံပင် အမျိုးအစားကို သိထားသင့်ပါတယ်။ အဆီပြန်တတ်တဲ့ ဆံကေသာလား၊ ခြောက်သွေ့တဲ့ ဆံကေသာ ပိုင်ရှင်လား၊ ဆံပင်ထူလား ပါးလား စသဖြင့် သိထားသင့်ပါတယ်။ သိပြီးနောက် သင့်ဆံပင်အတွက် ထုတ်လုပ်ထားတဲ့ ရှန်ပူ၊ Hair Product မျိုးကို ရှာသုံးသင့်ပါတယ်။

၃။ Hair Mask

တစ်ပတ်မှာ ၁ ခါလောက် Hair Mask တစ်မျိုးနဲ့ ပေါင်းတင်ပေးသင့််ပါတယ်။ သဘာဝပေါင်းတင်နည်းတွေကိုပါ သင့်တစ်ပတ်စာ ဆံပင်ဂရုစိုက်မှုမှာ ထည့်သွင်းနိုင်ပါတယ်။ ဥပမာ- ကော်ဖီမှုန့်၊ ဒိန်ချဉ်၊ အုန်းဆီ၊ ငှက်ပျောသီး၊ ကြက်ဥ၊ ကြက်ဆူဆီ၊ ရှားစောင်းလတ်ပတ် စသဖြင့် Hair Mask အမျိုးမျိုးကို ပြုလုပ်နိုင်ပါတယ်။

၄။ အစားအသောက်

သင့်ဆံကေသာအတွက် ပြင်ပကို ဂရုစိုက်သလို အတွင်းကိုပါ ဂရုစိုက်သင့်ပါတယ်။ အတွင်း ဂရုစိုက်တဲ့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို မျှမျှတတ စားသောက်ပေးသင့်ပါတယ်။ လှပတဲ့ ဆံကေသာအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကတော့- Fatty Acids, Zinc, Biotin, Vitamin B, D, E နဲ့ Protein ဓာတ်တွေပဲ ဖြစ်ပါတယ်။

၅။ ရေများများသောက်ပါ

ရေများများသောက်ပေးတာက သင့်အသားအရေ စိုပြေစေသလို သင့်ဆံကေသာအတွက်ပါ ကောင်းပါတယ်။ ရေတစ်နေ့ကို အနည်းဆုံး ၂ လီတာ သောက်ပေးရပါမယ်။ ဆိုဒါပါတဲ့ အချိုရည်တွေကို ရှောင်တာကတော့ အကောင်းဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar