အသားညိုညိုလေးနဲ့ သဘာဝဆန်တဲ့အလှမျိုးပိုင်ဆိုင်ထားတဲ့ ဖိလစ်ပိုင်မင်းသမီး Nadine ကိုတော့ ဖိလစ်ပိုင်ဇာတ်လမ်းတွဲပရိသတ်တိုင်းမျက်မှန်းတန်းမိကြမှာပါနော်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့သူမဟာ မွေးချင်းမောင်နှမလေးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး အနုပညာမေဂျာနဲ့ဘွဲ့ရထားသူဖြစ်ပါတယ်။ သူမဟာ အသက် ၆ နှစ်အရွယ်ကတည်းက Child Host အနေနဲ့ တီဗီအစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ဆယ်ကျော်သက်အဆိုတော်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့ကာ ၂၀၁၁ ကစလို့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။


အသားအရမ်းမဖြူဘဲ ညိုညက်ညက်အသားအရေမျိုး ပိုင်ဆိုင်ထားတဲ့သူမဟာ သရုပ်ဆောင်ပေါက်စ အရွယ်တုန်းက သူမရဲ့အသားအရောင်နဲ့ပက်သက်ပြီး မဝံ့မရဲဖြစ်ခဲ့ရပေမယ့် လက်ရှိမှာတော့ ယုံကြည်မှုရှိရှိနဲ့ မိတ်ကပ်မပါတဲ့ပုံကိုပါ ပြဖို့ ဝန်မလေးတဲ့သူဖြစ်နေပါပြီ။

သူမရဲ့ပရိသတ်တွေအတွက် ကိုယ်ပိုင် Youtube Channel ကတစ်ဆင့် သူမရဲ့ Lifestyle အကြောင်းတွေနဲ့အတူ မိတ်ကပ်လိမ်းနည်းကိုပါ မျှဝေလေ့ရှိတာမို့ သူမရဲ့လိမ်းနည်းတွေက ညိုချောလေးတွေ လိုက်ပြင်နိုင်ဖို့ ကွက်တိပါပဲ။ ဒါကြောင့်မို့ စိတ်ဝင်စားတဲ့သူတွေအတွက် မင်းသမီး Nadine ရဲ့  Everyday မိတ်ကပ်လိမ်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

Moisturizer နဲ့ Sunscreen ကိုအောက်ခံအနေနဲ့ လိမ်းပြီးတဲ့နောက် အရင်ဆုံး မျက်လုံးကနေစခြယ်ပါမယ်။ မခြယ်ခင် အရောင်ထွက်ကောင်းအောင် မျက်ခွံပေါ်မှာ Concealer လေးအရင်ပွတ်လိုက်ပါ။ အညိုဘက်သွားတဲ့ Matte Brown Eyeshadow အရောင်တစ်မျိုးကိုပဲ ထင်းထင်းလေးလိမ်းပြီး သုံးလေ့ရှိတယ်လို့ သူမကပြောထားပါတယ်။

ဒါ့အပြင် သူမလို ခရီးမကြာခဏသွားရတဲ့သူတွေအနေနဲ့ ကိုယ်အကြိုက်ဆုံး Eyeshadow အရောင်လေးတွေစုပြီး Palette တစ်ခုထဲမှာထည့်ထားတာက လိုသလိုသုံးဖို့ အရမ်းအဆင်ပြေတယ်လို့ ပြောပြခဲ့ပါတယ်။

ပြီးနောက်မှာ Liner အတွက် ခဲတံအညိုလေးသုံးပြီး သူမမျက်လုံး Shape နဲ့လိုက်တဲ့ပုံစံကို ဘေးကနေ Wing အသေးကော့ကော့လေး ဆွဲပေးလိုက်ပါတယ်။ ဆွဲပြီးတဲ့အခါ Mascara နဲ့မျက်တောင်ပါကော့ပေးလိုက်ပါ။


သဘာဝဆန်ဆန် Everyday Look ဖြစ်တာမို့ မိတ်ကပ်ထူထူမဖြစ်အောင် Foundation အဆင့်ကိုကျော်ပြီး Concealer အနည်းငယ်ကိုသာ မျက်ကွင်းတစ်ဝိုက်နဲ့ အမဲစက်ရှိတဲ့နေရာတွေမှာ ဖြည့်လိမ်းပေးပါတယ်။


Concealer လိမ်းပြီးတဲ့နောက် မျက်နှာကျလေး ပုံကျသွားအောင် ပါးစောင်နဲ့ နှာခေါင်းနေရာတွေမှာ Contour အနည်းငယ်လုပ်ပေးပါတယ်။


မျက်ခုံးမွှေးဆွဲတဲ့အခါမှာလည်း သဘာဝဆန်ဆန်လေးရဖို့ ပုံဖော်ပြီးအပြည့်ဆွဲတာမျိုးထက် လိုတဲ့နေရာမှာ အမွှေးမျှင်မျှင်လေးတွေ လိုက်ဖြည့်တဲ့ပုံစံမျိုးဆွဲပေးလိုက်ပါ။


အပြီးသတ်အဆင့်အနေနဲ့ Nadine ဟာသူမရဲ့ ညိုညိုစိုစို Look လေးကို ပိုထင်းသွားအောင် နှုတ်ခမ်းနီအတွက် အညိုရောင် Lip Liner လေးနဲ့ခပ်ထင်းထင်းပုံဖော်ပေးပြီး အပေါ်က ကြိုက်နှစ်သက်ရာ Lipstick အရောင်လေးတစ်ခုထပ်ဆုံးပေးလိုက်ရုံပါပဲ။


ဒါဆိုရင်တော့ အသားညိုသူတွေအတွက် Nadine ရဲ့  ၅ မိနစ်လောက်အတွင်း ထသွားထလာ ခပ်မြန်မြန်ပြင်နိုင်မယ့် Everyday Look လေးကို ရရှိသွားပါပြီ။

Source: youtube, cosmo.ph