ချစ်သူနှစ်ဦးရဲ့ ဆက်ဆံကို ပိုမိုခိုင်မြဲချင်ပါသလား။ ရေရှည်လက်တွဲပြီး ပျော်ရွှင်တဲ့ချစ်ခရီးလမ်းကို အတူတူလျောက်လှမ်းချင်ပါသလား။ ဒါဆိုရင်တော့ ချစ်သူတွေကြားမှာ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် အချစ်တွေပိုတိုးလာစေဖို့ အတူတူပြုလုပ်သင့်တဲ့အရာလေးတွေရှိပါတယ်။ ဘယ်လိုအရာလေးတွေလည်းဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

စာဖတ်ဝါသနာပါသူတွေအတွက်တော့ စာကြည့်တိုက်အတူတူသွားတာက မဖြစ်မနေလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ စာကြည့်တိုက်ဟာ ချစ်သူနှစ်ဦးအတွက် နားအေးပါးအေးနဲ့ အေးအေးဆေးဆေး နှစ်ယောက်သား ဖြတ်သန်းလို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။

စာကြည့်တိုက်မှာ စာအုပ်တွေဖတ်မယ် အရင်ကဖတ်ဖူးတဲ့ ကောင်းနိုးရာရာစာအုပ်အကြောင်းလေးတွေ အပြန်အလှန်မျှဝေကြမယ် တစ်ယောက်အမြင်လေးတွေတစ်ယောက်ပြောကြမယ်ဆိုရင် တကယ့်ကိုပျော်ရွှင်စရာကောင်းမှာသေချာပါတယ်။

အားကစားလို့ဆိုရင်အများစုထင်မိတာက Gym ကစားခြင်းဖြစ်ပါတယ်။ တကယ်တော့ Gym ကစားခြင်းထက်ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ အားကစားနည်းတွေ အများကြီးရှိပါတယ်။ ဥပမာ မြို့ပြင်မှာ စက်ဘီးနင်းတာမျိုး ရွှက်လှေစီးတာမျိုး ကြက်တောင်ရိုက်တာမျိုး ရေကူးတာမျိုး စတဲ့ အားကစားနည်းတွေက အတွေ့အကြုံအသစ်တွေ စိန်ခေါ်မှုတွေ ပျော်ရွှင်စရာတွေ များစွာပေးနိုင်တာကြောင့် ချစ်သူနှစ်ဦးအတူတူပြုလုပ်သင့်တဲ့အရာလေးတွေဖြစ်ပါတယ်။

ပညာရပ်တစ်ခုကို အတူတူလေ့လာသင်ယူမှုတွေပြုလုပ်ရတာဟာလည်း တစ်ယောက်နဲ့တစ်ယောက်ကြား ဆက်ဆံရေးပိုမိုခိုင်မာလာစေပြီး အချစ်တွေတိုးစေဖို့ကူညီပေးနိုင်ပါတယ်။ အရင်ဆုံး နှစ်ယောက်အတူ ဘယ်လိုပညာရပ်အသစ်တစ်ခုကိုသင်ယူမလဲဆိုတာတိုင်ပင်ပါ။ ဘာသာစကားသင်တန်းဖြစ်စေ ပျော်ရွှင်စရာကောင်းတဲ့ တူရိယာတီးခတ်ခြင်းသင်တန်းဖြစ်စေ အဓိကနှစ်ယောက်လုံးအတူတူစိတ်အားထက်သန်တဲ့ ပညာရပ်တစ်ခုခုဖြစ်ဖို့တော့လိုပါတယ်။

ခရီးသွားခြင်းက တစ်ယောက်နဲ့တစ်ယောက်ကြာ ရင်းနှီးမှုပိုတိုးစေပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။ လူတစ်ယောက်ရဲ့အကြောင်းကို ပိုသိချင်ရင် သူနဲ့အတူ ခရီးသွားကြည့်ပါ။ ခရီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အမူအကျင့် စရိုက်လက္ခဏာတွေနဲ့ မကြိုက်တဲ့အရာ ကြိုက်တဲ့အရာတွေကို ပိုသိလာစေနိုင်ပါတယ်။

တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်ကို ကောင်းကောင်းသိထားမယ်ဆိုရင် ရှေ့လျောက်မယ့်ခရီးလမ်းမှာ အဆင်မပြေမှုတွေ နားလည်မှုလွဲတာတွေနည်းသွားမှာဖြစ်ပါတယ်။