ကိုယ်သဘောကျ စိတ်ဝင်စားနေတဲ့သူနဲ့ First Date ပထမဦးဆုံး ဒိတ်လုပ်ခြင်းဟာ စိတ်လှုပ်ရှားစရာကောင်းလွန်းလှပါတယ်။ စိတ်လှုပ်ရှားလွန်းလို့ အမှားမှားအယွင်းယွင်းတွေ ပြုလုပ်မိတာမျိုးလည်း ရှိတတ်ပါတယ်။

အမှားမှားအယွင်းယွင်း ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ပုံရိပ်ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ပထမဦးဆုံး ဒိတ်မှာ ရှောင်ကြဉ်သင့်တဲ့အချက်များ ပြုမူသင့်တဲ့ အပြုအမူများကို ဝေမျှပေးလိုက်ရပါတယ်။

သင်ချည်းပဲ စွတ်ပြောမနေပါနဲ့

စကားပြောတဲ့အခါ သူတစ်လှည့် ကိုယ်တစ်လှည့် ပြောဖို့လိုအပ်ပါတယ်။ သူက စကားနည်းတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် စကားသိပ်မပြောဘူးဆိုရင်တောင်မှ သူ စိတ်ဝင်စားမယ့် အကြောင်းအရာမျိုးကို ရွေးချယ်ပြီး သူ စကားများများပြောလာအောင် ပြုလုပ်ရပါမယ်။

နို့မဟုတ်ရင် သင်ချည်းပဲ ပြောနေတဲ့အခါ သူ ပျင်းရိငြီးငွေ့သွားပါလိမ့်မယ်။

အာရုံလွင့်မသွားပါနဲ့

သူနဲ့ ချိန်းတွေ့နေစဉ်မှာ သင့်ဖုန်းရဲ့နိုတီတွေကို စစ်စရာမလိုဘူး မဟုတ်လား။ ဖုန်းသံမြည်လာရင်လည်း လျစ်လျူရှုထားလိုက်ပါ။ ဒါမှမဟုတ် သင့်ဖုန်းကို အသံပိတ်ထားလိုက်ပါ။

ဒိတ်အတွက် ကုန်ကျစရိတ်ကို တစ်ယောက်တစ်ဝက်မျှခံမယ်လို့ ပြောလာရင်လည်း လက်ခံလိုက်ပါ

ယောကျာ်းကောင်းပီသသူတစ်ယောက်အနေနဲ့ ပထမဆုံးဒိတ်အတွက် ကုန်ကျစရိတ်ခံခြင်းဟာ ယဉ်ကျေးတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ သူဟာ ဝန်ထုပ်ဝန်ပိုးအဖြစ် မခံစားချင်လို့ဖြစ်နိုင်ပါတယ်။ သူ သက်သောင့်သက်သာဖြစ်ဖို့အတွက် သင့်ဘက်က ပြုမူပေးဖို့လိုအပ်ပါတယ်။

ဖက်ရှင်ကျကျ ဝတ်စားသွားပါ

ပထမဆုံးရက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့အဝတ်အစားကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံဖြစ်မသွားဖို့လည်း လိုအပ်ပါတယ်။ အခြေခံအချက်တွေဖြစ်တဲ့ ရေချိုးသန့်စင်ခြင်း၊ ရေမွှေးအနည်းငယ်ဆွတ်သွားခြင်း တို့ကိုလည်း ပြုလုပ်သင့်ပါတယ်။